မဲခေါင်၊ နိုဝင်ဘာ ၂၇
ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ငွေလဲနှုန်း အတက်အကျ မြန်ဆန်နေသဖြင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များရှိ ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၆ ) ညနေပိုင်းက မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၅၉၅ ဘတ်အထိသာ လဲလှယ်ရရှိခဲ့ရာမှ ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ငွေဈေးအပြောင်းအလဲကြောင့် စားသောက်ကုန်များတွင် အနည်းဆုံး ကျပ် ၁,၀၀၀ ခန့် မြင့်တက်လာသလို စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ရှမ်းအရှေ့မြို့များဖြစ်သည့် တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နှင့် ကျိုင်းတုံမြို့များတွင် ဒီဇယ်နှင့် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
“မနေ့ ၂၆ ရက်က ဓာတ်ဆီ ၈,၅၀၀ ပဲ ရှိတာ ဒီနေ့ တစ်သောင်းဖြစ်ပြီ။ အစားအသောက်တွေလည်း ဆီချက်တစ်ပွဲဆို အရင် ၄,၀၀၀ ကနေ ဒီနေ့ ၅,၀၀၀ ဖြစ်သွားပြီ” ဟု မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
ယာဉ်စီးခများတွင်လည်း ယခင်က မိုင်းဆတ်-တောင်ကြီး ယာဉ်ငယ်ရှေ့ခန်း ကျပ် ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ သို့လည်းကောင်း၊ နောက်ခန်း ကျပ် ၁၄၀,၀၀၀ မှ ၁၅၀,၀၀၀ သို့လည်းကောင်း ကျပ်တစ်သောင်းစီ အသီးသီး မြင့်တက်လာခဲ့သည်။
ရှမ်းအရှေ့မြို့များသည် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ စံပြုသုံးစွဲကြသည့် မြို့များဖြစ်သဖြင့် မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ အတက်အကျဖြစ်နေမှုက မြန်မာကျပ်ငွေဖြင့် လစာရရှိသည့် အစိုးရဝန်ထမ်းများကို အထူးသဖြင့် ထိခိုက်စေကြောင်း သိရသည်။
“ဒီလစာလေး ၃ သိန်းကျော်နဲ့ မိသားစု အလျဉ်မီရုံ၊ မငတ်ရုံ စားနေကြရတဲ့အထဲ အခု ကျပ်ငွေတန်ဖိုးက ထပ်ကျတော့ ဘယ်လိုစားသောက်နေထိုင်ကြရမလဲ မသိတော့ဘူးဗျာ” ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ညည်းတွားပြောဆိုသည်။
ငွေလဲနှုန်း အဆမတန် မြန်ဆန်စွာ အတက်အကျဖြစ်နေမှုကြောင့် ဘတ်ငွေနှင့် ကျပ်ငွေ လဲလှယ်ပေးသူများလည်း အရောင်းအဝယ်ကို ယာယီရပ်နားထားကြကြောင်း သိရသည်။
“အတက်အကျက မငြိမ်ဘူး။ ကျပ်က ဒီထက်ဆက်ကျနိုင်သေးတယ်။ ပြီးတော့ အဆင်မပြေရင် အဖမ်းခံရနိုင်သေးတော့ ခဏရပ်ထားတယ်” ဟု ငွေလဲလှယ်သူတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေဈေးကွက်ကို ထိန်းချုပ်ရန် ဗဟိုဘဏ်က သတ်မှတ်နှုန်းထားနှင့် လိုင်စင်မဲ့ငွေလဲလုပ်ငန်းများအပေါ် စစ်ဆေးအရေးယူမှုများ တိုးမြှင့်လာသည့်အပြင် ရန်ကုန်မြို့တွင် ပြင်ပငွေလဲဈေးနှုန်းဖြင့် ရောင်းဝယ်သူတချို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များလည်း ရှိလာသည်။
နိုဝင်ဘာ ၂၁ မှ ၂၄ ရက်အတွင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်သူ ၅ ဦး ဖမ်းဆီးခံရကြောင်း သတင်းဖော်ပြချက်များ ရှိနေပြီး ဗဟိုဘဏ်ကလည်း လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများနှင့် သတ်မှတ်နှုန်းထားကို မလိုက်နာသူများအား အရေးယူမည်ဟု နိုဝင်ဘာ ၅ ရက်တွင် သတိပေးထားသည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုများ တိုးလာခြင်းသည် ငွေလဲလုပ်ငန်းရှင်များအကြား အရေးယူခံရနိုင်သည့် စိုးရိမ်မှုကို ဖြစ်ပေါ်စေပြီး အချို့ငွေလဲသူများက အရောင်းအဝယ်ကို ယာယီရပ်ဆိုင်းခြင်း၊ ငွေလဲနှုန်းကို အန္တရာယ်ကာမိစေရန် မြင့်မားစွာ သတ်မှတ်ခြင်း သို့မဟုတ် လုပ်ငန်းလျှော့ချခြင်းတို့ ပြုလုပ်လာနိုင်သည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပမာဏ လျော့နည်းကာ ငွေလဲနှုန်းအပြောင်းအလဲ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေ ဖြစ်သည်။
ယင်းအပြင် နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မသေချာမှုများ၊ နိုင်ငံခြားငွေ လိုအပ်ချက်နှင့် ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများပါ ပေါင်းစပ်သက်ရောက်နေသဖြင့် လက်ရှိငွေလဲနှုန်း အပြောင်းအလဲသည် ပုံမှန်ဈေးကွက်လိုအပ်ချက် တစ်ခုတည်းကြောင့် မဟုတ်ဘဲ စိုးရိမ်မှုနှင့် အရောင်းအဝယ် တုံ့ဆိုင်းမှုများပါ ရောနှောနေသည့် အခြေအနေဖြစ်ကြောင်း စီးပွားရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
၎င်းက လက်ရှိဖြစ်စဉ်သည် ပုံမှန်ငွေလဲနှုန်း ကျဆင်းမှုထက် စိုးရိမ်မှုကြောင့် အရောင်းအဝယ် တုံ့ဆိုင်းလာပြီး ငွေလဲနှုန်း အတက်အကျ ပြင်းထန်လာသည့် ငွေကြေးလန့်မှု (Currency Panic) သို့မဟုတ် ဈေးကွက်တုံ့ပြန်မှု ပြင်းထန်လာသည့် အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောကြားထားသည်။
#MeKongNews
#ထိုင်းဘတ်ငွေ
#မြန်မာငွေ
#ရှမ်းရှေ့
#ကုန်ဈေးနှုန်း
#မြင့်တက်








