မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် ဆက်စပ်သူများကို နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ အင်တိုက်အားတိုက် ဖမ်းဆီးနေရာ ယနေ့ (နိုဝင်ဘာ ၂၇ ရက်) အထိ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀ ဦးခန့် ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါဖမ်းဆီးမှုများအတွင်း နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက လောက်ကိုင်မြို့အရှေ့ပိုင်း Old Street ရှိ Peace Hotel အနီး ဝန်ထမ်းအဆောင် အဆောက်အအုံ၏ တတိယထပ်မှ လူ ၂ ဦး ခုန်ချမှုဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျောင်းကား၊ သံလုံကားတွေနဲ့ ကျား၊ မ ခွဲပြီး ခေါ်သွားတာတွေ့တယ်။ ဦးရေ ၁၀၀ လောက်ရှိမယ်။ သူတို့ တပ်စခန်းဘက်ကို ခေါ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် လောက်ကိုင်မြို့၌ ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်သူများကို ဆက်လက်ဖမ်းဆီးနေပြီး ယခုဖမ်းဆီးရမိသူများမှာ နိုဝင်ဘာ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်အတွင်း ဖမ်းဆီးရမိထားခြင်း ဖြစ်သည်။
သို့သော် ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း၊ မည်သို့ဆက်လက်အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးမှုအတွင်း သေဆုံးသူ၊ ဒဏ်ရာရသူများ၏ အခြေအနေအသေးစိတ်ကို MNDAA ဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
#MeKongNews
#လောက်ကိုင်
#ကိုးကန့်
#MNDAA
#ကျားဖြန့်
#ဖမ်းဆီး








