မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်းဘက်ရှိ စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်သည် စိမ့်အင်းနှင့် ရွှံ့တောကျေးရွာတို့တွင် ခိုလှုံနေရပြီး စောင်၊ အိပ်ရာခင်း၊ အဝတ်အစားနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်နေသူတစ်ဦးက ပြောသည်။
မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာပြီး ကင်းချောင်း၊ ပေကုန်းနှင့် သစ်ဆိမ့်ကုန်းဘက်ရှိ စစ်ကောင်စီတပ်စခန်းများကို ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာမှုနှင့် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရခြင်းဖြစ်သည်။
လက်ရှိ စစ်ဘေးရှောင်များကို စိမ့်အင်းနှင့် ရွှံ့တောကျေးရွာတို့တွင် ခွဲ၍ထားရှိနေပြီး စိမ့်အင်းရွာ၌ စစ်ဘေးရှောင် ၈၀ ခန့် ရှိနေကာ ရွှံ့တောဘက်မှလည်း စစ်ဘေးရှောင်များကို ထပ်မံခေါ်ယူနေကြောင်း သိရသည်။ စုစုပေါင်း စစ်ဘေးရှောင် ၃၀၀ ခန့် ရှိလာကြောင်း ဒေသခံက ပြောသည်။
ထို့ပြင် ခမောက်တောင်ဘက် တောတွင်း၌ စစ်ဘေးရှောင်များ ကျန်ရှိနေသေးပြီး လက်ရှိအချိန်ထိ အားလုံးကို လုံခြုံရာသို့ ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း၊ တောတွင်းကျန်ရှိနေသူများနှင့် အဆက်အသွယ်ရရှိပါက သွားရောက်ကြိုဆိုကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၇ ရက်) နေ့လယ် ၁ နာရီကျော်အထိ ကင်းချောင်းဘက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေယာဉ်သံ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ဒေသခံအမျိုးသမီးက ပြောသည်။
စစ်ဘေးရှောင်များအနက် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ လမ်းလျှောက်သွားလာရန် အခက်အခဲရှိသူများနှင့် ကျန်းမာရေးမကောင်းသူများ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်အချို့ကို မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ကလေးတစ်ဦး မွေးဖွားပြီးဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံ ၆၀ ခန့်က ပထမအကြိမ် သွားရောက်ကူညီခဲ့ကြပြီး လက်ရှိ စိမ့်အင်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဆိုင်ရာ အဆောင်များတွင် စစ်ဘေးရှောင်များကို နေရာချထားကာ ရွာခံများက တတ်နိုင်သမျှ ဝိုင်းဝန်းစောင့်ရှောက်ပေးနေကြောင်း သိရသည်။
“သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာ၊ တောထဲ ကလေးမွေးခဲ့ရသူ တစ်ယောက်လည်း ရှိတယ်၊ လမ်းမလျှောက်နိုင်သူတွေကို ထမ်းခေါ်တာ၊ ဆိုင်ကယ်တွေနဲ့ ခေါ်ရတာတွေ ရှိတယ်” ဟု ဒေသခံ ပရဟိတလူမှုကူညီသူတစ်ဦးက မဲခေါင်ကို ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအား ခရစ်ယာန်ဘုရားကျောင်းအဆောင်များတွင် ထားရှိပြီး အစားအသောက်ကို ဒေသခံများက ဝိုင်းဝန်းထောက်ပံ့ပေးနေသော်လည်း ဆေးဝါး၊ အနွေးထည်၊ စောင်၊ အိပ်ရာခင်းနှင့် အဝတ်အစားများ လိုအပ်နေဆဲဖြစ်ပြီး တောတွင်း၌ ကျန်ရှိနေသူများကို လုံခြုံရာသို့ ခေါ်ယူနိုင်ရေးလည်း ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။
လက်ရှိ မိုးမိတ်မြို့နှင့် ၁၀ မိုင်ကျော်အကွာ မိုးမိတ်-သပိတ်ကျင်းလမ်းကြောတစ်ဝိုက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘော်ဒေ၊ ကင်းချောင်းကျေးရွာဘက်သို့ စစ်ကြောင်းများ ဆက်လက်ရွေ့လျားနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မန္တလေးတိုင်း၊ တွင်းငယ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့ဘက်မှ မိုးမိတ်သို့ စစ်ကူဖြည့်တင်းလာသည့် စစ်ကြောင်းများလည်း လမ်းကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်ဘက် ထိခိုက်မှုများရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။
တွင်းငယ်မြို့ရှိ တတက (၁၃) မှ ထွက်လာသည့် စစ်ကြောင်းသည် လမ်းပိုင်းတွင် ဖြတ်တောက်တိုက်ခိုက်ခံထားရသည့် အခြေအနေရှိသလို မိုးကုတ်မြို့မှ မိုးမိတ်သို့ တောလမ်းအတိုင်း စစ်ကူဖြည့်တင်းလာသည့် စစ်ကြောင်းတစ်ခုလည်း တောတွင်း၌ ကြားဖြတ်တိုက်ခိုက်ခံရကာ စစ်ကြောင်းဖွဲ့စည်းပုံ ပျက်သွားကြောင်း သတင်းရရှိထားသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်နေကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။
နိုဝင်ဘာ ၂၀ ရက်မှစတင်၍ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကင်းချောင်းနှင့် ကျောက်မောကျေးရွာများကို လေကြောင်းမှ ဗုံးအလုံးရေ ၁၁၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲများတွင် KIA နှင့်အတူ MDY-PDF၊ ABSDF ကျောင်းသားတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်နေကြောင်း သိရပြီး MNDAA ပါဝင်မှုနှင့်ပတ်သက်သည့် သတင်းများလည်း ဒေသတွင်းထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တွင်းငယ်လမ်းဆုံမှ မိုးမိတ်မြို့ဘက်သို့ ဆက်သွယ်သည့် လမ်းကြောင်းတွင် ကျောက်ဖြူ၊ တောင်လယ်၊ သစ်ခွဲပင်၊ အောင်မြေ၊ ကျောက်မော၊ သစ်ဆိမ့်ကုန်း၊ ပေကုန်း၊ ကင်းချောင်း၊ နဘူး၊ ဆင်တဲကုန်း၊ ဆာဒေ၊ ဘော်ဒေ၊ မိုးဟောက်နှင့် မန်ကျည်းပင်ကျေးရွာများ တည်ရှိပြီး မန်ကျည်းပင်ကျေးရွာနှင့် မိုးမိတ်မြို့မှာ ၈ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။
ကင်းချောင်းဒေသသည် တွင်းငယ်လမ်းဆုံမှ မိုးမိတ်မြို့ဘက်သို့ ဆက်သွယ်သည့်လမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် အဆိုပါဒေသရှိ စစ်ကောင်စီတပ်စခန်းများ ဆက်လက်ဆုံးရှုံးလာပါက မိုးမိတ်မြို့အနီး စစ်ရေးဖိအား ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေရှိနေသည်။
သို့သော် လက်ရှိနယ်မြေထိန်းချုပ်မှုနှင့် နှစ်ဖက်တပ်ဖွဲ့များ၏ စစ်ရေးအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
#MeKongNews
#မိုးမိတ်
#တိုက်ပွဲ
#စစ်ကောင်စီ
#တိုက်ပွဲ
#စစ်ရှောင်








