မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းအတွင်း အရက်သောက်စားရာမှ တပ်ဖွဲ့ဝင်အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး သေသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်အတူသောက်စားနေသည့် တပ်ဖွဲ့ဝင်နှစ်ဦးအကြား စကားများရာမှ ရန်ပွဲဖြစ်ပွားခဲ့ကာ သေနတ်ဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း တန့်ယန်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ တပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး ကျန်တစ်ဦးမှာ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရင်းနှီးသူများဖြစ်သော်လည်း အရက်သောက်စားပြီးနောက် အချင်းချင်း ရန်ဖြစ်ကာ ယခုကဲ့သို့ ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“နှစ်ကောင်လုံး ဂန့်သွားတယ်။ အနီးကပ် ပစ်ကြတာ ရင်ဘတ်ကနေ နောက်ကြောပေါက်ထွက်”ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်ကပြောသည်။
တန့်ယန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း အရက်သောက်စားပြီး ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ ယခုတစ်ကြိမ်တည်း မဟုတ်ဘဲ ယခုလအတွင်း နောက်ထပ်ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်ကလည်း တန့်ယန်းမြို့နယ်၊ မိုင်းကောင်ကျေးရွာအုပ်စု၊ မိုင်းကောင်ကျေးရွာရှိ ခလရ ၃၃ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ခလရ ၃၃ စစ်ဆေးရေးဂိတ်ကို ဦးသိန်းဝင်း ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားခြင်းဖြစ်ပြီး မိုင်းကောင်ကျေးရွာ နမ့်ပန်ချောင်းဆင်းလမ်းဘက်တွင် တည်ရှိသည်။ ယင်းဖြစ်စဉ်တွင်လည်း အရက်အတူသောက်စား မူးယစ်ရာမှ ရန်ဖြစ်ကာ တစ်ဦးက ဓားဖြင့် ထထိုးသည်ကို တစ်ဦးကသေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်။
#MeKongNews
#တန့်ယန်း
#ဗျူဟာကုန်း
#စစ်ကောင်စီ
#ပစ်ခတ်
#သေဆုံး








