မဲခေါင်၊ နိုဝင်ဘာ ၂၇
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရှမ်းပြက္ခဒိန် ၂၁၂၁ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို လာမည့် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း ရောင်းချမည့် ဈေးဆိုင်ခန်းများကိုလည်း စတင်ငှားရမ်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပွဲတော်ကို တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ ဝမ်လုံးရှမ်းရွာရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျှင် ထိုင်းဘတ်ငွေ ၂,၅၀၀ သတ်မှတ်ထားကြောင်း ပွဲတော်ကျင်းပရေးနှင့် နီးစပ်သူများထံမှ သိရသည်။
“အရင်က ထိုင်းဘက်ကလည်း လာကြတယ်ခ။ ပီနောင်ကန် (ဆွေမျိုးတွေ) ဆုံတွေ့ကြတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
ပွဲတော်အတွင်း ရှမ်းလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ရိုးရာအကအလှများ၊ တေးဂီတဖျော်ဖြေမှုများနှင့် ရှမ်းရိုးရာအစားအသောက်များကို တစ်နေရာတည်းတွင် လေ့လာခံစားနိုင်မည်ဖြစ်သလို ရှမ်းရိုးရာဝတ်စုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း မြင်တွေ့နိုင်မည်ဖြစ်သည်။
တာချီလိတ်မြို့တွင် ကျင်းပမည့် ရှမ်းပြက္ခဒိန် ၂၁၂၁ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်သည် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်နိုင်သည့် အခမ်းအနားတစ်ခုဖြစ်သလို ဒေသတွင်း ရှမ်းရိုးရာအစားအသောက်နှင့် ကုန်ပစ္စည်းရောင်းချသူများအတွက်လည်း ဈေးရောင်းချခွင့်ရရှိမည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ရှမ်းနှစ်သစ်ကူးပွဲ
#ကျင်းပ
#ဆိုင်ခန်း
#ဘတ်ငွေ








