မဲခေါင်၊ ဇူလိုင် ၂၈
တောင်ကြီးမြို့ အထက – ၇ ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများက စစ်ယူနီဖောင်းဝတ် အရာရှိတစ်ဦးကို ထိုင်ကန်တော့နေသည့် ရုပ်သံဖိုင်ပျံ့နှံ့လာပြီးနောက် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။
ယင်းပျံ့နှံ့လာသည့် ရုပ်သံတွင် စစ်ကောင်စီယူနီဖောင်းဝတ် အရာရှိတစ်ဦးက ထိုင်ခုံအမြင့်ပေါ်တွင် ထိုင်နေပြီး ဆရာ၊ ဆရာမ ကျောင်းသားကျောင်းသူများက မြေပြင်ပေါ်မှ ကန်တော့နေကြသည်ကို တွေ့ရသည်။
“ပညာရေး ယူနီဖောင်းက စစ်တပ်ယူနီဖောင်းအောက်မှာ ရှိနေရတယ်ဆိုတာက နေရာလွဲနေပြီလို့ ပြောချင်တယ်။ ခေတ်ပျက်တော့ စစ်တပ်ကျွန် ဖြစ်ကြရကုန်ပြီ။ ငါတို့ မသိတာ မတတ်တာ မရှိဘူးဆိုပြီး တလွဲယုံကြည်မှုတွေနဲ့ ကောင်တွေက အခုလည်း ပညာရေးအထက်ကို တက်ထိုင်နေပြီ”ဟု တောင်ကြီးမြို့ခံတစ်ဦးကပြောသည်။
ယခုပျံ့နှံ့လာသည့် ရုပ်သံကိုမူ မူရင်းတင်ထားသည့်သူက ပြန်လည် ဖြုတ်ချထားသည်ကိုတွေ့ရသည်။
ယင်းဖြစ်စဉ်အား စုံစမ်းရာ ကျောင်းအုပ်ရာထူးမှ ပြောင်းရွှေ့သွားတော့မည့် ကျောင်းအုပ်ဖြစ်သူ စစ်ကောင်စီအရာရှိကို ကျောင်းသား ကျောင်းသူ ဆရာ ဆရာမများ ကန်တော့ခြင်းဖြစ်သည်ဟု သိရသည်။
အထက – ၇ သည် တောင်ကြီးမြို့ ဇီဝိတဒါန သံဃာ့ဆေးရုံ၏ မျက်နှာချင်းဆိုင် လမ်းမကြီးကပ်ရပ်တွင် တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) တပ်နယ်ကျောင်းအဖြစ် လူသိများသည်။
ယင်းကျောင်းကို စစ်တပ်ကျောင်းဟု လူသိများပြီး ကျောင်းအဝင်မုခ်ဦးများတွင်လည်း စစ်တပ်တံဆိပ်ကိုပါ ထည့်သွင်းထားသည့်ကျောင်းဖြစ်သည်။
ကျောင်းအတွင်းတွင်မူ စစ်ကောင်စီ၏ မိသားစုဝင်များနှင့် အရပ်သားပြည်သူများ၏ သားသမီးများပါ တက်ရောက်သင်ယူလျက်ရှိပြီး ကျောင်းအုပ်ကို စစ်တပ်အရာရှိ ဗိုလ်မှူးအဆင့်တစ်ဦးက အမြဲတာဝန်ယူထားသည့် ကျောင်းဖြစ်သည်။
#MeKongNews
#တောင်ကြီး
#အထက
#စစ်တပ်အရာရှိ
#ဆရာ
#ထိုင်ကန်တော့








