မဲခေါင်၊ ဇူလိုင် ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြည်သူများအနေဖြင့် ကိုယ်ထူကိုယ်ထ သူခိုးဖမ်းမိပါက လိုင်းပေါ်မတင်ပဲ ရဲလက်သို့သာ တိတ်တိတ်အပ်ကြရန် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများက ပြည်သူများကို ပြောသည်။
လက်ရှိတွင် သူခိုးအမျိုးမျိုးကို ပြည်သူများက ကိုယ်ထူကိုယ်ထ မကြာခဏ ဖမ်းမိနေပြီး ယင်းသို့ ဖမ်းဆီးမိပြီးနောက် အွန်လိုင်းပေါ်သို့ တင်ခြင်းကြောင့် မြို့ဂုဏ်သိက္ခာထိခိုက်သည်ဟုလည်း စစ်ကောင်စီအုပ်ချုပ်ရေးမှူးများကပြောကြားခြင်း ဖြစ်သည်။
“အစည်းအဝေးခေါ်ပြီး ပြောတာဟုတ်တယ်။ သူခိုးဖမ်းမိတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူခိုးဖမ်းမိတာကို လိုင်းပေါ်တင်တာက မြို့ဂုဏ်သိက္ခာထိခိုက်တယ်။ ဒါကြောင့် လိုင်းပေါ်မတင်ပဲ ရဲကိုတိတ်တိတ်ပဲ အပ်ပေးပါလို့ ပြောတာပါ။ အဲ့လိုပြောတာကို ပြည်သူက ဘာမှတော့ ပြန်မပြောပါဘူး။ သဘောတော့ မကျဘူးပေါ့”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။
လားရှိုးမြို့ နယ်ထွေအုပ်၏ စေခိုင်းချက်အရ ရပ်ကွက်တိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ရပ်ကွက်လုံခြုံရေးအတွက် တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ကာ ပြောဆိုရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယင်းအချက်ကိုပါ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြီးတော့ ပြောတာရှိသေးတယ်။ မြို့ဂုဏ်သိက္ခာကျဆင်းအောင် မကောင်းသတင်း တင်ရင်လည်း အရေးယူမယ်တဲ့။ မကောင်းသတင်းက ဘယ်လိုမျိုးလည်း မရှင်းပြဘူး။ သတင်းမှားကိုပြောတာလား ခိုး ဆိုး လုယက်သတင်းကိုပြောတာလား မရှင်းဘူး”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
လားရှိုးမြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့၌ သေနတ်ဖြင့် လမ်းသွားလမ်းလာပြည်သူကို ခြိမ်းခြောက်သည့် မူးယစ်ဆေးကြောင်သူတစ်ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်တွင် ဆိုင်ကယ်သူခိုးတစ်ဦးကိုလည်းကောင်း၊ ဇူလိုင်လ ၁၄ ရက်တွင် ကားသူခိုး တစ်ဦးကိုလည်းကောင်း ပြည်သူများကပင် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
စစ်ကောင်စီက ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လက်ရှိကာလအတွင်း၌ ခိုး ဆိုး လုယက်မှုများ မကြားခဏ ဖြစ်ပွားနေလျက်ရှိပြီး အချို့ဖြစ်စဉ်တွင် လူသေဆုံးမှုပါ ရှိခဲ့သည်။
ဇူလိုင်လ ၁၉ ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ နေအိမ်တစ်ခုကို လုယက်သူများက ပစ္စည်းများအား လုယက်သွားသည့်အပြင် အိမ်တွင်းရှိ ပြည်သူ၂ဦးကိုပါ သတ်ဖြတ်ခဲ့သည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#သူခိုး
#လိုင်းပေါ်မတင်
#ရဲလက်အပ်








