မဲခေါင်၊ ဇူလိုင် ၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်နောက်ပိုင်း ထုလုပ်ခဲ့သည့် ဗိုလ်ချုပ်ရုပ်တုများသည် အချိုးအစားမမှန်ခြင်းကြောင့် ဖျက်ပစ်ရခြင်းဖြစ်ဟု မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က ပြောသည်။
ယင်းသို့ ဖျက်ဆီးနေမှုသည် ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို ဖယ်ရှားခြင်းမျိုးမဟုတ်ဟု ပြောရေးဆိုခွင့်ရှိသူက သူ၏ တယ်လီဂရမ်၌ ရေးသည်။
“၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ယနေ့အထိ မြိုနယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ အချို့ ရုပ်ထုများရဲ့ အချိုးအစား၊ ပုံသဏ္ဍာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ပါတယ်” ဟု သူက ရေးသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ရန်၊ အထိမ်းအမှတ်ရုပ်တုတွေကို အရိုအသေမဖြစ်စေရန်၊ နောင်လာနောက်သားများအနေဖြင့် မြန်မာ့သမိုင်းအမွေအနှစ်များအား မှန်ကန်သင့်လျော်သည့် ပုံစံဖြင့် ဆက်လက်လေ့လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေခြင်းဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို အာဏာသိမ်းစစ်အုပ်စုမှ နေရာအနှံ့ ဖျက်ဆီး ဖယ်ရှားနေမှုအပေါ် ပြင်းထန်စွာကန့်ကွက် ရှုတ်ချပြီး ညွှန်ကြားသူနှင့် လုပ်ဆောင်သူများအား ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဟု NLD ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၈ ရက်က ထုတ်ပြန်သည်။
ထိုသို့ ဗိုလ်ချုပ်ရုပ်တုများ ဖျက်ဆီးခြင်းသည် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ မြန်မာနိုင်ငံ အမျိုးသားရေးသွင်ပြင် လက္ခဏာ၊ သမိုင်းသင်္ကေတနှင့် အထောက်အထားများအား ဖျက်ဆီးနေခြင်းသာမက လူထု၏ ယုံကြည်ချက်နှင့် မျှော်လင့်ချက်ကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးနေခြင်းဖြစ်ကြောင်း NLD ထုတ်ပြန်ပြီးနောက် မင်းအောင်လှိုင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့၌ တုန့်ပြန်ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုသည် နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းမှ ဗိုလ်ချုပ်ရုပ်တုများကို ၂၀၂၅ ခုနှစ်မှ စတင်ကာ ဖျက်ဆီးဖယ်ရှားနေခြင်းဖြစ်သည်။
မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်အသွင်ပြောင်း သမ္မတမင်းအောင်လှိုင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီး ထောင်ချထားသည့်အပြင် ဖခင်ဖြစ်သူ၏ ရုပ်တုများကိုပါ ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်သည်။
မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံလက်နက်ကိုင်တော်လှန်မှုများ ဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်အတွင်း စစ်မီးတောက်လောင်မှုများ၊ စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြှင့်မှုများဖြစ်ပေါ်ခဲ့မှုများအား NLD အစိုးရကြောင့်ဟု မင်းအောင်လှိုင်က မကြာခဏ စွပ်စွဲပြောဆိုလေ့ရှိသည်။
#MeKongNews
#မင်းအောင်လှိုင်
#ပြောရေးဆိုခွင့်
#ဗိုလ်ချုပ်ရုပ်တု
#အချိုးအစားမမှန်
#ဖျက်ဆီးခြင်း
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်အုပ်စုက မဖျက်ဆီးမီ တွေ့ရစဥ်။ Photo : ဒေသခံ








