မဲခေါင်၊ ဇူလိုင် ၉
ရှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်၊ ချမ်းအေးငြိမ်းရပ်ကွက် (ရပ်ကွက် ၉) အနီးရှိ စစ်ကောင်စီတပ်စခန်းဟောင်းတစ်ခုတွင် ၂ ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မိုင်းတစ်လုံးမှာ စစ်ကောင်စီတပ်စခန်းဟောင်းအတွင်း ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံးမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားခဲ့သည့် သုံးဘီးဆိုင်ကယ်အဟောင်းအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဥ်များမှာ ပြီးခဲ့သည့် ဇူလိုင် ၅ ရက်၊ ည ၈ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၉) အနီးနှင့် ဇူလိုင် ၇ ရက်၊ နံနက်အစော ၁၂ နာရီ ၃၇ မိနစ်ခန့်က ၂၄ မိုင်၊ ချမ်းအေးငြိမ်းရပ်ကွက် (ရပ်ကွက် ၉) ၏ အနောက်ဘက်ရှိ မီးလောင်ပျက်စီးနေသော သုံးဘီးဆိုင်ကယ်အနီးတွင် နောက်ထပ် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“မိုင်းပေါက်သံ ပြင်းတယ်။ လူအထိအခိုက်တော့ မရှိဘူး၊ ရှမ်းတပ်ဘက်ကတော့ လာကြည့်သေးတယ်။ မိုင်းဟောင်းပေါက်တယ် ပြောတယ်” ဟု ရပ်ကွက် ၆ နေသူတစ်ဦးက ပြောသည်။
ယခုပေါက်ကွဲခဲ့သည့် မိုင်း ၂ လုံးစလုံးမှာ စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားစဉ်က ကျန်ရှိနေခဲ့သည့် မိုင်းဟောင်းများဖြစ်ကြောင်း သိရသည်။
ယင်းသို့ မိုင်းများ ဆက်တိုက်ပေါက်ကွဲနေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် သွားလာလှုပ်ရှားရာတွင် မိုင်းနင်းမိမည်ကို စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။
#MeKongNews
#ကျောက်မဲမြို့
#၂၄မိုင်
#မိုင်းပေါက်ကွဲ








