မဲခေါင်၊ ဇွန် ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ပြည်သူတစ်ဦး လယ်ယာရှင်းလင်းစဉ် မိုင်းကို ဓားဖြင့် ခုတ်မိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာနေ ကိုမင်းသစ်ဦးသည် ပြီးခဲ့သည့် ဇွန် ၂၃ ရက်တွင် လယ်ယာသို့ သွားပြီး လယ်ကသင်းကို ဓားဖြင့် ရှင်းလင်းရေးပြုလုပ်စဉ် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ခုတ်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းပေါက်ကွဲမှုကြောင့် ကိုမင်းသစ်ဦး၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် မိုင်းစထိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
“ဒဏ်ရာကပြင်းတယ်၊ မျက်လုံးတွေဆို ဖွင့်လိုမရသေးဘူး။ လက်နဲ့ မျက်နှာတွေလည်း အများကြီးထိသွားတယ်။ ဆေးကုသဖို့လည်း အကူအညီလိုတယ်။ ဆေးကုသစရိတ်ကူညီနိုင်တဲ့အဖွဲ့အစည်းတွေ စေတနာရှင်တွေရှိရင် ကူညီပေးစေချင်တယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
မိုင်းပေါက်ကွဲချိန်တွင် ပေါက်ကွဲသံကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက သိရှိရခြင်းဖြစ်ပြီး ယင်းပြည်သူများကပင် ကိုမင်းသစ်ဦးကို ရွာပြန်သယ်လာကာ ပရဟိတ အသင်းတစ်ခု၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
နောင်ချိုမြိုနယ်၊ ဉာဏ်တောကျေးရွာ၏ လယ်ယာနေရာသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာလည်းဖြစ်သည်။
ကိုမင်းသစ်ဦးသည် လက်ရှိတွင် ပြင်ဦးလွင်ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိပြီး ဆေးကုသစရိတ် အကူအညီ လိုအပ်နေသည်။
နောင်ချိုမြို့နယ်ရှိ၊ ကျေးရွာများတွင် ဒေသခံပြည်သူများ မကြာခဏ မိုင်းနင်းမိလျက်ရှိရာ တောင်ယာသို့ သွားလာရန်ပင် ကြောက်ရွံ့နေသဖြင့် သက်ဆိုင်ရာများမှ မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။
နောင်ချိုမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သဖြင့် လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းအကြွင်းအကျန်များကို ဒေသခံများက မကြာခဏနင်းမိလျက်ရှိသည်။
မဲခေါင်သတင်းဌာနမှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲအကြွင်းအကျန် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးနှင့်သေဆုံးသူ ၇ ဦးရှိထားသည်။
#MeKongNews
#နောင်ချို
#ပြည်သူတစ်ဦး
#စစ်ကျန်မိုင်း
#ပေါက်ကွဲမှု








