မဲခေါင်၊ ဇွန် ၁၅
ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ နှင့် ထိခိုက်မှုရှိသည့် ရွာများ ပြန်လည်ထူထောင်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ပြည်သူများက ကျပ်သိန်း ၂ ထောင်ကျော် ပါဝင်ကူညီသည်ဟု ပရဟိတအဖွဲ့များထံမှ သိရသည်။
ပြန်လည်ထူထောင်ရေးအတွက် မူဆယ်မြို့တွင် အလှူခံရရှိလာသည့် ကျပ်သိန်း ၂ ထောင်ကျော်ကို မူဆယ်မြို့ရှိ ပရဟိတအသင်းပေါင်းစုံနှင့် စာပေယဉ်ကျေးမှုအဖွဲ့ပေါင်းစုံက ထိခိုက်နစ်နာသည့် ပြည်သူများထံ အရောက်သွားရောက် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
ရရှိလာသည့် အလှူငွေများကို ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသည့် နေရာများသို့ သွားရောက်ကူညီရာတွင် ကောင်းတပ်ရွာအတွက် ကျပ်သိန်း ၁၀၀၀ ကျပ်၊ ကောင်းတပ်ဘုန်းကြီးကျောင်း သိန်း ၅၀ ကျပ်၊ ကောင်းတပ် ရှမ်းဘုန်းကြီးကျောင်း သိန်း ၅၀ ကျပ်၊ ကောင်းတပ်ရှမ်းရွာ သိန်း ၅၀၀ ကျပ်၊ ပန်လုံရွာ သိန်း၂၀၀ ကျပ်၊ ပန်လုံ ချက်ကျောင်း နှစ်ကျောင်း သိန်း ၈၀ ကျပ်၊ ပန်ထိုလင်ရွာ သိန်း ၂၀ ကျပ်၊ နမ့်ခမ်းဆေးရုံတက်လူနာ သိန်း ၁၀၀ ကျပ်၊ ပုပ္ပါရုံကျောင်း သိန်း ၅၀ ကျပ်၊ မန့်ခမ်းရပ်ကွက် သိန်း ၅၀ ကျပ်၊ ဆယ်ဟိုင်ရွာ သိန်း ၃၀ ကျပ်၊ နမ့်ခမ်း NMBG အသင်းရုံး သိန်း၂၀ ကျပ်၊ ပန်ယုတ်ရွာ သစ်ပင်ပိမိသူ မိသားစု ၇ ယောက် ဆေးကုသစရိတ် ကရုဏာအသင်းထံ သိန်း၂၀ ကျပ်၊ နောင်ဆန်ကုန်း သိန်း ၃၀ ကျပ် စုစုပေါင်း အလှူငွေ သိန်း၂၂၀၀ ကျပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“ပရဟိတအသင်းနှင့် စာပေယဉ်ကျေးမှုအဖွဲ့ပေါင်းစုံ စုပေါင်းပြီး မူဆယ်မြို့မှာ အလှူခံရရှိလာတာကို သွားရောက်လှူကြတာပါ။ မူဆယ်သူ မူဆယ်သားနဲ့ ၇ ရက်သားသမီးတွေရဲ့ အကူအညီပေါ့”ဟု သွားရောက်လှူဒါန်းရာတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယခုလအတွင်းတွင်ပင် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် UWSA က ကျပ်သိန်း ၆ ထောင်၊ KIO/KIAက ကျပ်သိန်း ၅၅၀ ၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် – MNSP-AD/RMA က အလှူငွေ ကျပ်သိန်း ၃၀၀ ၊“ဝ”တပ်ဖွဲ့ – UWSA ၏ လားရှိုးဆက်ဆံရေးရုံး နှင့် ရှမ်းတပ်ဖွဲ့ – SSPP က ငွေသား ကျပ်သိန်း ၁၀၀ စီနှင့် ဆန်အိတ် ၂၀ ၊မိုင်းလားအဖွဲ့ -NDAA ၏ မိုင်းလားကျန်းမာရေးကော်မတီနှင့် ကိုးကန်တပ်ဖွဲ့ – MNDAA တို့က ထိခိုက်သည့် ပြည်သူများအား ကုသရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဝါးနှင့်အထောက်အပံ့ပစ္စည်းများကို လာရောက်ကူညီခဲ့သေးသည်။
ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ – Committee of KaungTap ကို မြေပြင်တွင်လက်ရှိ လုပ်ငန်းလုပ်ဆောင်နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြိုနယ်၊ ကောင်းတပ်ရွာတွင် ပြီးခဲ့သည့် မေ ၃၁ ရက်က TNLA စီးပွားရေးဌာနပိုင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပြည်သူ ၆၁ ဦး သေဆုံးကာ ၁၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုပေါက်ကွဲမှုအတွင်း နေအိမ်နှင့် အဆောက်အဦး ၆၈၀ ကျော်လည်း ပျက်စီးသွားသဖြင့် ပြန်လည် ထူထောင်ရန် အကူအညီလိုအပ်ဆဲဖြစ်သည်။
#MeKongNews
#ကောင်းတပ်ရွာ
#ပေါက်ကွဲမှု
#ပြန်လည်ထူထောင်ရေး
#မူဆယ်ပြည်သူ








