မဲခေါင်၊ မေ ၇
တရုတ်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်းများ ဖြစ်ကြသည့် ဝေဖန်းဟီနှင့် လီရှန်းဖူတို့ကို အဂတိလိုက်စားမှု စွဲချက်များဖြင့် ယနေ့ မေ ၇ ရက်တွင် ဆိုင်းငံ့သေဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း Xinhua သတင်းအရ သိရသည်။
တရုတ် စစ်ဘက်တရားရုံးက ၎င်းတို့ ၂ ဦးအား သီးခြားစီ စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဝေဖန်းဟီနှင့် လီရှန်းဖူတို့သည် ဗဟိုစစ်ကော်မရှင် (CMC) အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော် ကောင်စီဝင်ဟောင်းများလည်း ဖြစ်ကြသည်။
တရားရုံး၏ စီရင်ချက်အရ ဝေဖန်းဟီသည် လာဘ်ယူမှုဖြင့် ပြစ်မှုထင်ရှားခဲ့ပြီး လီရှန်းဖူမှာမူ လာဘ်ပေးမှုနှင့် လာဘ်ယူမှု ၂ ရပ်လုံးဖြင့် ပြစ်မှုထင်ရှားခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ၂ ဦးစလုံးအား နိုင်ငံရေးအခွင့်အရေးများ ရာသက်ပန် ရုပ်သိမ်းလိုက်သည့်အပြင် ပိုင်ဆိုင်မှု အားလုံးကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။
သေဒဏ်ဆိုင်းငံ့ကာလ ၂ နှစ် ပြည့်မြောက်ပြီးနောက် ဥပဒေနှင့်အညီ တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လျှော့ပေါ့ပြောင်းလဲ သတ်မှတ်ပြီးလျှင်လည်း ထပ်မံ၍ ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်း သို့မဟုတ် ခံဝန်ဖြင့် လွှတ်ပေးခြင်းတို့ကို ခွင့်ပြုမည် မဟုတ်ကြောင်း တရားရုံး၏ စီရင်ချက်တွင် ဖော်ပြထားသည်။
Ref:Xinhua
#MeKongNews
#တရုတ်
#ကာကွယ်ရေးဝန်ကြီးဟောင်း
#သေဒဏ်
#ချမှတ်








