မဲခေါင်၊ မေ ၇
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က ထွက်ပြေးသွားသည့် သားကိုယ်စား ဖခင်ဖြစ်သူကို ဖမ်းဆီးကာ အစားထိုးခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ကိုးကန့်တပ်ဖွဲ့တွင် တစ်လ ယွမ် ၇၀၀ ဖြင့် လုံခြုံရေးဝန်ထမ်း လုပ်ကိုင်နေသူတဦးသည် ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းတွင် ထွက်ပြေးသွားသဖြင့် ကိုးကန့်တပ်က ဖခင်ဖြစ်သူကို အစားထိုး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။
“သူတို့က တကယ့်တပ်ဖွဲ့ဝင်မဟုတ်ဘူး၊ စာချုပ်နဲ့ လုပ်တာလည်း မဟုတ်ဘူး။ ထွက်ချင်တဲ့အချိန် ပြန်ထွက်လို့ရတယ်၊ လုံခြုံရေး လိုက်ရမယ် တလယွမ် ၇၀၀ ပေးမယ်၊ သေနတ်လည်း ကိုင်ရမယ်ဆိုလို့ အလုပ်ရှားပါးနေချိန် ဝင်လုပ်ကြတာ။ အခု ထွက်ချင်တယ်ဆိုတော့မှ ကိုးကန့်က မပေးထွက်တော့ဘူး၊ အဲ့ဒါကြောင့် ထွက်ပြေးသွားတာ။ လက်နက်တွေ ယူသွားတာလည်း မရှိပါဘူး။”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
ထွက်ပြေးသွားသည့် လုံခြုံရေးဝန်ထမ်းအစား ဖခင်ဖြစ်သူ ဦးမြင့်ဆွေကို လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးပြီး လုံခြုံရေးဂိတ်တခုတွင် ကင်းစောင့်ခိုင်းနေသည်ဟုလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
“ကိုးကန့်တပ်က လုံခြုံရေး အလုပ်ရှိတယ်ဆိုပြီး ခေါ်တယ်၊ လစာလည်း တကယ်ပေးတယ်။ ၁၀၂၇ ပြီးခါစ အလုပ်ကလည်း ရှားတော့ အဲ့အချိန် ဝင်လုပ်ကြတဲ့သူတွေ အများကြီး ရှိကြတယ်၊ ဒါပေမယ့် ပြန်ထွက်မယ့်အချိန်ကျ ထွက်မရတော့ဘူးဖြစ်ကြတာ။ အဲအချိန်မှ ရိုးရိုးအလုပ်မဟုတ်ပဲ တဖက်လှည့် လူစုဆောင်းခံရမှန်း သိကြတာ”ဟု ၁၀၅ မိုင်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကိုးကန့်တပ်ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်းတွင် ကိုးကန့် မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများ ပြုလုပ်ကြသည်။
ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းကို ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယခုနှစ်မတ်လတွင်မူ MNDAA နှင့် TNLA ပဋိပက္ခဖြစ်ပွားမှုတွင် TNLA တပ်ဖွဲ့သည် မူဆယ် ၁၀၅ မိုင်မှ နှင်ထုတ်ခံလိုက်ရသဖြင့် လက်ရှိတွင် MNDAA နှင့် AA ၂ ဖွဲ့သာ ကျန်ရှိသည်။
#MeKongNews
#ထွက်ပြေး
#ဖခင်
#MNDAA
#ကင်းစောင့်








