မဲခေါင်၊ မေ ၄
တားဆီးပိတ်ဆို့မှုများကို ရှောင်ရှား၍ ရုရှားရေနံများကို ပို့ဆောင်လေ့ရှိသော ရေနံတင်သင်္ဘော ၂ စီးကို ယူကရိန်းစစ်ဘက်က တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ကြေညာသည်။
ရုရှားနိုင်ငံတောင်ပိုင်းရှိ နိုဗိုရော့ဆစ် ပင်လယ်နက်ဆိပ်ကမ်းအနီးရေပြင်တွင် ၎င်းသင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း ဇီလန်စကီးက လူမှုမီဒီယာပေါ်တွင် ယမန်နေ့က ရေးသားခဲ့သည်။
ယင်းသင်္ဘော၂ စီးသည် နိုင်ငံတကာ တားဆီးပိတ်ဆို့မှုများကို ကျော်လွှား၍ ရုရှားရေနံများကို ပို့ဆောင်နေသည့် မှောင်ခိုသင်္ဘောအုပ်စုတွင် ပါဝင်ကြောင်း ဇီလန်စကီးက ပြောသည်။
ထုတ်ပြန်ထားသော ပုံရိပ်များတွင်လည်း လူမပါသော ရေယာဉ်တစ်စီးက ပင်လယ်ပြင်တွင် သင်္ဘောတစ်စီးဆီ ချဉ်းကပ်သွားသည်ကို မြင်တွေ့ရသည်။
ယူကရိန်းတပ်ဖွဲ့များသည် လီနင်ဂရက်ဒေသအနောက်တောင်ဖက်ရှိ ပရီမို့စ် လောင်စာတင်ဆိပ်ကမ်းမှ ပစ်မှတ်များကိုလည်း အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း ဇီလန်စကီးက ဆက်ပြောသည်။
လီနင်ဂရက်ဒေသတွင် တိုက်ခိုက်ခဲ့သော ပစ်မှတ်များတွင် ဒုံးကျည်တပ်သင်္ဘောတစ်စီးနှင့် နောက်ထပ် မှောင်ခိုသင်္ဘောတစ်စီးတို့ ပါဝင်သည်ဟု ယူကရိန်းသမ္မတက ပြောကြားပြီး တိုက်ခိုက်မှုများသည် ရုရှား၏ စစ်ပွဲရှေ့ဆက်နိုင်စွမ်းကို ထပ်မံ၍ အကန့်အသတ်များ ဖြစ်စေခဲ့သည်ဟု ဆိုသည်။
ထိုသို့သော တိုက်ခိုက်မှုများသည် ရုရှား၏ စစ်ပွဲကို ငွေကြေးထောက်ပံ့မှု နှင့် ဆက်လက်တိုက်ခိုက်နိုင်စွမ်းကို အားနည်းသွားစေသည်ဟု ရှုမြင်ကြသည်။
အေးကျော်
Ref:NHK
#MeKongNews
#ရုရှား
#မှောင်ခိုရေနံတင်သင်္ဘော
#ယူကရိန်း
#တိုက်ခိုက်








