မဲခေါင်၊ မေ ၃
အီရန်နှင့် သဘောတူညီချက် စိတ်ကူးအကြောင်း ၎င်းကို ပြောပြထားသော်လည်း စကားလုံးအသုံး အနှုန်း အတိအကျကို စောင့်ဆိုင်းနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြီး တစ်ဖက်တွင်လည်း တီဟီရန်ဘက်က ပြုမူပုံမှားယွင်းခဲ့ပါက အီရန်ကို တိုက်ခိုက်မှုများ ပြန်စနိုင်ကြောင်းလည်း သတိပေးလိုက်သည်။
ယခုအချိန်ထိ ထရမ့်က လက်မခံဘဲ ပယ်ချထားသော အီရန်အဆိုပြုချက်တွင် ဟောမုဇ်ရေလက် ကြားကို ပြန်ဖွင့်ပြီး အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုကို အဆုံးသတ်ကာ အီရန်၏ နျူကလီးယားအစီအစဉ် ဆွေးနွေးမှုများကို နောက်ဆုတ်ထားရန် ဖော်ပြထားသည်ဟု အီရန် ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။
ဖလော်ရီဒါပြည်နယ်မှ မီယာမီ ဒေသသို့ သွားရောက်ရန် လေယာဉ်ပေါ်သို့ မတက်မီ သမ္မတ ထရမ့်အား အီရန်အဆိုပြုချက်အကြောင်း မေးမြန်းချိန်တွင် “ သဘောတူညီချက် စိတ်ကူးကို သူတို့ ပြောပြထားကြပါတယ်။ စကားအသုံးအနှုန်း အတိအကျကို သူတို့ ပေးပါလိမ့်မယ်”ဟု ထရမ့်က ဆိုသည်။
အဆိုပြုချက်များမှာ လက်ခံနိုင်ဖွယ်ရှိသည်ဟု ၎င်းအနေဖြင့် မှန်းဆမကြည့်နိုင်သေးကြောင်း နှင့် အီရန်သည် ၎င်းတို့လုပ်ခဲ့သမျှအတွက် ထိုက်တန်သော ပေးဆပ်မှု လုပ်ဆောင်ပြီးသည်ဟု မထင်ကြောင်း ထရမ့်က လူမှုမီဒီယာပေါ်တွင် ဖြည့်စွက်ပြောသည်။
အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည် စတင်သွားနိုင်ပါသလားဟု မေးမြန်းချိန်တွင် “ ကျနော် မပြောချင်ပါဘူး။ ဒါကို သတင်း ထောက်တစ်ယောက်ကို ပြောလို့မရပါဘူး။ သူတို့က မှားယွင်းပြုမှုရင်၊ မကောင်းတာတစ်ခုခု လုပ်ခဲ့ရင် လောလောဆယ် ကြည့်ပါမယ်။ ဒါပေမယ့် အဲဒီလို ဖြစ်လာနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အီရန်နိုင်ငံက နျူကလီးယားလက်နက် ပိုင်ဆိုင်၍ မရနိုင်ကြောင်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး အီရန်၏ နောက်ဆုံး အဆိုပြုချက်ကို ကျေနပ်မှုမရှိကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထိုအချိန်မှာပင် အမေရိကန်အနေဖြင့် ချဉ်းကပ်ပုံ ပြောင်းလဲခဲ့လျှင် အီရန်က သံတမန်ရေးအတွက် အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ဆိုသည်။
အေးကျော်
Ref:Reuters
#MeKongNews
#အီရန်
#ခြေလှမ်းမှား
#တိုက်ခိုက်မှု
#ထရမ့်
#သတိပေး








