မဲခေါင်၊ ဧပြီ ၂၅
ယနေ့တွင် ရှမ်းပြည်နယ်၏ နေရာအနှံ့အပြား၌ မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး မိုးသက်လေပြင်း နှင့်အတူ မိုးသီးကြွေသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဧပြီ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အနောက်ရပ်ကွက်တွင် နေအိမ်အချို့အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရပ်ကွက် ၉ က စိုင်းထွေးအိမ် တစ်ခြမ်း အမိုးသွပ်တွေ လေနဲ့ပါသွားတာ အခြားရပ်ကွက်မှာ လိုက်ကောက်ရတယ်၊ သစ်ပင်ကျိုးကျလို့ အိမ်အမိုး ပျက်စီးတာလည်းရှိတယ်၊ ရပ်ကွက် ၁၂ ဘက်လည်း ၂ အိမ် အမိုးပျက်တာတွေရှိတယ်”ဟု မိုင်းပန်အနောက်ရပ်နေသူတစ်ဦးက ပြောသည်။
ထို့အတူ တောင်ကြီး၊ အေးသာယာ၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး အချို့နေရာများတွင် မိုးသီးကြွေခြင်းနှင့် သစ်ပင်လဲခြင်းများ ရှိခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပကာရွာတွင် မိုးသည်းထန်သလို မိုးသီးအများအပြား ကျဆင်းခဲ့ကြောင်း သိရသည်။
ထို့ပြင်လားရှိုး၊ သိန္နီနှင့် နမ့်ဆန်မြို့နယ်တို့တွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
ထူးခြားချက်မှာ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်ကြားတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်မှုမရှိဟု သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်လည်း လေပြင်းများ တိုက်ခတ်ကာ မိုးရွာသွန်းခဲ့ပြီး မိုင်းတုံတွင်လည်း မိုးရေချိန်များပြားစွာ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် မိုင်းလားဒေသအချို့တွင် မိုးရွာသွန်းမှု ရှိခဲ့သော်လည်း လေပြင်းတိုက်ခတ်မှု အနည်းငယ်သာ ရှိခဲ့သည်။
#MeKongNews
#ရှမ်းပြည်
#မိုးသက်လေပြင်း
#မီုးသီးများ
#တိုက်ခတ်








