မဲခေါင်၊ ဧပြီ ၂၁
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် သင်္ကြန်အပြီး၌ စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာမှုကြောင့် မြို့အနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းအန္တရာယ်များကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ၁၀၀၉ IPDF တပ်ရင်းတာဝန်ရှိသူတစ်ဦးက မိုးဗြဲဘက်တွင် ထိတွေ့မှုများ ရှိနေကြောင်း အတည်ပြုပြောဆိုသည်။
မိုးဗြဲစက်တော်ရာဘက်ခြမ်းတွင် နှစ်ဆန်းတစ်ရက်နေ့မှစ၍ ထိတွေ့မှုများ ရှိလာခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၀ ရက် နံနက်ပိုင်းမှစကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေနဲ့အတူ ပီကင်းလအိ လမ်းပိုင်းမှာ မြေပြင်တိုက်ပွဲတွေ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ကရင်နီဘက်ရှိ တော်လှန်ရေးတပ်များမှာ လက်ရှိတွင် အင်အားစုစည်းနေဆဲဖြစ်သော်လည်း စစ်ကောင်စီဝါဒဖြန့် လော်ဘီများကမူ တော်လှန်ရေးတပ်ဖွဲ့အားလုံး စုပေါင်းအင်အား ၅,၀၀၀ ခန့်ဖြင့် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ဆောင်းပြောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆိုးနှင့် ဖားဆောင်းနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်လာနိုင်သည်ဟု သတင်းလွှင့်မှုများ ရှိနေကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။
နှစ်ကူးကာလအတွင်း ရှေ့တန်းတပ်အချို့ကို နောက်တန်းဌာနချုပ်သို့ ပြန်လည်အနားပေးခဲ့သဖြင့် ထိုးစစ်အရှိန် ခေတ္တလျော့နည်းခဲ့သော်လည်း၊ ယခုသင်္ကြန်အပြီးတွင် စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ ထိုးစစ်များ ပြန်လည်စတင်လာသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထားကြရန် တိုက်တွန်းထားသည်။
#MeKongNews
#မိုးဗြဲ
#စစ်ကြောင်းထိုး
#ရှမ်းကရင်နီနယ်စပ်
#ကရင်နီ








