မဲခေါင်၊ ဧပြီ ၂
TNLA ထံမှ MNDAA က တိုက်ယူ ထိန်းချုပ်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းမှ ကွတ်ခိုင်မြို့ပေါ်ရှိ ရပ်ကွက် ၈ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးများကို ယမန်နေ့က ရွေးချယ်ပွဲ ပြုလုပ်ခဲ့ကြောင်း ကိုးကန့်သတင်းကွန်ရက်က ဖော်ပြသည်။
MNDAA ၏ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ညွှန်ကြားမှုဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးတွင် ဒီမိုကရေစီနည်းကျ ရွေး ကောက်ပွဲများ ကျင်းပခဲ့ပြီး ရပ်ကွက်နေ ပြည်သူများက လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် မိမိတို့၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို အသီးသီး ရွေးချယ် တင်မြှောက်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို လူထုတစ်ရပ်လုံး နားလည် သဘောပေါက်စေရန်နှင့် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိစေရန် မဲပေးသည့် လုပ်ငန်းစဉ်နှင့် ခေါင်းဆောင်များ၏ မိန့်ခွန်းများကို ဘာသာပြန်ဆိုပေးသူများဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
မဲပေးရာတွင် တာဝန်ရှိသူများက စက္ကူမဲလက်မှတ်များကို ဖြန့်ဝေပေးပြီး ပြည်သူများက မိမိတို့ထောက်ခံသူ၏ အမည်ကို ရေးသားကာ မဲပုံးအတွင်း ထည့်သွင်းစေခဲ့ပြီးနောက် လူအများရှေ့တွင်ပင် မဲစာရင်းကို ပွင့်လင်းမြင်သာစွာ ရေတွက်ကြေညာခဲ့သည်ဟု သိရသည်။
မဲအများဆုံးရရှိသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်နှင့် ဒုတိယ မဲအများဆုံး ရရှိသူကို ဒု – ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယခု ရွေးကောက်ပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈ ဦးနှင့် ဒု – ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈ ဦးတို့ကို ရွေးချယ်နိုင်ခဲ့သည်ဟု သိရသည်။
ဆက်လက်၍ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးကော်မတီအနေဖြင့် ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး/ရာအိမ်မှူးများကို ရွေးချယ်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“TNLA လက်ထက်က လူဟောင်းတွေလည်း ပြန်ပါတယ်။ အပြိုင်ရှိမှသာ မဲနဲ့ရွေးတာပါ အေးအေး ဆေးဆေးပါပဲ”ဟု ရပ်ကွက် ၁ နေသူတစ်ဦးက မဲခေါင်သို့ ပြော သည်။
ကွတ်ခိုင်မြို့ပေါ် ၈ ရပ်ကွက်တွင် ရပ်ကွက် ၃ နှင့် ၄ မှာ တရုတ်လူမျိုးများပြီး ကျန်ရပ်ကွက်များမှာ တအာင်း၊ ကချင်၊ ရှမ်း စသည့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ရာ ဒေသဖြစ်သည်။
#MeKongNews
#ကွတ်ခိုင်
#ရပ်ကွက်
#အုပ်ချုပ်ရေးမှူး
#MNDAA








