မဲခေါင်၊ မတ် ၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကို အပိုင်းလိုက် ပြင်ဆင်တိုးချဲ့ရန် စီမံကိန်းများကို စစ်ကောင်စီ၏ ရှမ်းအစိုးရက စီစဥ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်း စီမံကိန်းများအနက် တောင်ကြီးတက္ကသိုလ် ဧရာဝတီ လက်ဘက်ရည်ဆိုင်လမ်းဆုံမှ ကျောက်တလုံးလမ်းမကြီး ၅ လမ်းဆုံအထိ လမ်းမဘေးဝဲယာ ပေ ၃၀ စီ တိုးချဲ့မှုလည်း ပါဝင်နေကြောင်း သိရသည်။
ယင်းတိုးချဲ့မှုက အဝေရာမီးပုံးပျံကွင်း လမ်းဘေးရှိ နေအိမ်များကို အထူးထိခိုက်စေမည် ဖြစ်သည်ဟု ယင်း စီမံကိန်းအကြောင်း သိရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
“အိမ်တွေ နောက်ဆုတ် ဖျက်ပေးရမှာပေါ့၊ ဒီစီမံကိန်းက နောက်တက်မယ့် အစိုးရလည်း ဆက်လုပ်ရမှာလို့ ပြောတယ်။ ညိုမီးဘက် လမ်းဘေးတွေကတော့ ကျယ်တော့ သိပ်မထိခိုက်နိုင်ဘူး၊ ဟိုပုံးမိုင်ဘက်က လာတဲ့လမ်းနဲ့ ဆက်သွားမှာ၊ မြို့ကို အလျားလိုက် တိုးချဲ့နေတာလို့ဆိုတယ်။ တဘရိတ်ထဲလုပ်ရင် ပွဲဆူမှာ စိုးရိမ်လို့ အသုတ်လိုက်လုပ်နေတာ”ဟု ၎င်းက ပြောသည်။
ယင်းလမ်းတိုးချဲ့မှုမှာ ၁၅ မိုင်ကျော် အရှည်ရှိပြီး ညိုမီးဘက်တွင် လက်ရှိ မြေပေါက်စျေးမှာ ပေ ၈၀ X ၁၀၀ ကို ကျပ်သိန်း ၂ ထောင်အထိ ပေါက်နေသည်ဟု ဆိုသည်။
အခြား စီမံကိန်းတစ်ခုမှာ မြို့ပေါ်ရှိ အနောက်မြို့ပတ်လမ်းပေါ်မှ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်များ၊ လယ်ယာသုံး ယန္တယားစက်ဆိုင်များနှင့် ပညာရေးကျောင်းများ ပတ်လည်ရှိ ဆိုင်များကို ဟိုပုံးဘက်အထွက် ၄ မိုင်ရှိ နောင်တလိ ဘက်သို့ ရွှေ့ရန်လည်း ရှိနေသည်ဟု သိရသည်။
“လမ်းဘေးမကျဘူး အထဲနည်းနည်းဝင်ရတယ်။ မြို့ပေါ်နေရာတွေ တော်တော်များများ ရွှေ့ခိုင်းမှာ၊ မီးပုံပျံကွင်းကို ညိုမီး၊ KBZ ဘောလုံးကွင်းကို ထီဖောင်းဘက်၊ ဆရာအတတ်သင်ကျောင်းလည်း ရွှေမှာ။ အမှန်က မြို့ထဲကျနေတဲ့ ဆသရ ၂၁၂ လို စစ်တပ်တွေ ရွှေ့ရင်ကို မြို့သန့်သွားမှာ”ဟု ဆို မြို့ခံတစ်ဦးက သည်။
ယင်းရွှေ့ပြောင်းတည်ဆောက်ရေး လုပ်ငန်းအများစုကို စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းဌာနက Shan Queen ကုမ္ပဏီနှင့် ပူးပေါင်း၍ ၅နှစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် စီမံကိန်းများ ရေးဆွဲထားခြင်းဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် လာမည့် မတ် ၂၀ ရက် နောက်ဆုံးထား၍ ဘောလုံးကွင်းပတ်လည်ရှိ ကားပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အားကာတိုက်တန်းနေ ပင်စင်စားများ ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း သိရသည်။
#MeKongNews
#တောင်ကြီးမြို့
#ပြင်ဆင်တိုးချဲ့
#စစ်ကောင်စီ
#စီစဥ်








