မဲခေါင်၊ ဖေဖော်ဝါရီ ၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ရေလယ်ဘုရား ရေကန်အတွင်း ဘေးမဲ့ပေးထားသော ငါးများကို ပအိုဝ်းပြည်သူ့စစ် – PNO တပ်သားများက မိုင်းခွဲ ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်း PNO တပ်သားများသည် ၎င်းတို့၏ အာဏာကို အလွဲသုံးစားပြုကာ ဘုရားကန်အတွင်း မကြာခဏ မိုင်းခွဲ၍ ငါးဖမ်းနေခြင်း ဖြစ်ပြီး ဒေသခံများ အနေဖြင့်လည်း တစ်စုံတရာ ကန့်ကွက်ပြောဆိုရန် ကြောက်ရွံ့နေကြရသည်။
“သူတို့က အာဏာသုံးပြီး ဘုရားကန်က ငါးကိုတောင် မိုင်းခွဲဖမ်းရဲတယ်။ တစ်ခါလာရင် ငါး ၂ အိတ်၊ ၃ အိတ်လောက် ပါသွားတယ်။ အကုသိုလ်လည်း မကြောက်၊ ဘုရားလည်း မခန့်ညားကြဘူး။ သူတို့ ခုလို လုပ်တာကို ဘယ်သူမှ မပြောရဲကြဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
ထို့ပြင် ယင်းရေကန်မှာ နောင်တရားမြို့ရှိ အချို့ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေသည့် ရေကန်ဖြစ်ရာ ယခုကဲ့သို့ မိုင်းခွဲ ဖမ်းဆီးမှုများကြောင့် ရေနောက်ကျိကာ အသုံးပြုရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
နောင်တရားဒေသရှိ PNO တပ်သားများသည် လူမိုက်ဆန်ဆန် ပြုမူနေထိုင်ခြင်း၊ ဒေသခံလူငယ်များကို အနိုင်ကျင့်ခြင်း၊ လောင်းကစားဝိုင်းများ ထောင်ခြင်းနှင့် WY စိတ်ကြွဆေးပြားများ ရောင်းဝယ်ခြင်းတို့ကိုပါ ပြုလုပ်နေကြကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#နောင်တရား
#ရေလယ်ဘုရား
#ဘေးမဲ့ငါးများ
#PNO
#မိုင်းခွဲ








