မဲခေါင်၊ ဒီဇင်ဘာ ၁၅
ဂါဇာရှိ ရာရှစ်ကမ်းနားလမ်း၌ မောင်းနှင်လာသည့် ကားတစ်စီးအား ဒီဇင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် အစ္စရေးက လေကြောင်း တိုက်ခိုက်ခဲ့ရာ ဟားမက်စ် ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သော ရက်ဒ်ဆက်ဒ် နှင့်အတူ အခြား လိုက်ပါသူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရက်ဒ်ဆက်ဒ်သည် လက်ရှိ ဟားမက်စ် စစ်ဦးစီးချုပ် အစ်ဇ်အယ်လ်ဒင်ဟက်ဒက် ပြီးလျှင် ဒုတိယအကြီးဆုံး ခေါင်းဆောင်ဖြစ်ကာ အစ္စရေးအား ပြန်လည် တိုက်ခိုက်ရေး လက်နက်များ ပြန်ထုတ်လုပ် စုဆောင်းရေးပိုင်းကို ဦးဆောင်နေသူ ဖြစ်သကဲ့သို့ အောက်တိုဘာ ၇ ရက် အစ္စရေးနယ်စပ် ဖြတ်ကျော်ကာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် အဓိက အမိန့်ပေး လမ်းညွှန်ခဲ့သူဟု အစ္စရေးဘက်က ထုတ်ပြန်ပြီး အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်တို့က အမိန့်ပေးခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ဒေါ်နယ်ထရမ့် ဦးဆောင်သော စစ်ပြေငြိမ်းရေး သဘောတူညီချက်မှာ နောက်ပိုင်း ပြန်လည် တိုက်ခိုက်မှုများ မကြာခဏ ရှိနေခြင်းကြောင့် အလုံးစုံ မငြိမ်းချမ်းနိုင်သေးဘဲ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်း၌ ချိန်ကိုက်ဗုံးတစ်လုံး ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သား ၂ ဦး ဒဏ်ရာရအပြီး ယခုကဲ့သို့ ဂါ ဇာအတွင်း ဆက်ရှိနေသည့် အနည်းစုသော ဟားမက်စ် ခေါင်းဆောင်များထဲမှ ထိပ်တန်း ခေါင်းဆောင် ရက်ဒ်ဆက်ဒ်ကို သုတ်သင်လိုက်ခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဂါဇာ
#ရက်ဒ်ဆက်ဒ်
#အစ္စရေး








