မဲခေါင်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့၊ ဆူးဘိုကုန်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး၊ ရဲနှင့်စစ်တပ်တို့ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများ နေ့စဉ်ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလောင်းကစားဝိုင်းများကို အောက်တိုဘာပထမပတ်ကတည်းက ဖွင့်လှစ်ကြပြီး ရဲ၊ စစ်သား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ရက်လိုင်းကြေး ကျပ် ၁၀ သိန်းကျော်ယူပြီး ခွင့်ပြုထားကြောင်း သိရသည်။
“လောင်းကစားဝိုင်းမှာ လူပေါင်းစုံလာတယ်။ နေ့တိုင်းလူစည်တယ်၊ နေ့တိုင်းလည်း ဆူညံတယ်။ စစ်သား၊ ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်ပြုထားတော့ ဘယ်သူမှမပြောရဲဘူး”ဟု ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို ရက်ရှည်ခွင့်ပြုထားသည့်အတွက် လူငယ်များ ညလုံးပေါက်ကစားပြီး အလုပ်မသွားနိုင်တော့ခြင်း၊ ငွေကြေးဆုံးရှုံးမှုများလာခြင်းတို့ကြောင့် ကြံရာမရဖြစ်ကာ ခိုးဆိုးလုယက်မှုများ ပိုမိုကျူးလွန်လာကြောင်းလည်း ၎င်းကပြောသည်။
“အရင်ဆို ဒီဆူးဘိုကုန်းရပ်ကွက်မှာက အိမ်ဖောက်ခံရတာ၊ ပစ္စည်းခိုးခံရတာမကြားဖူးဘူး။ အဲဒီလောင်း ကစားဝိုင်းတွေ ဖွင့်ခွင့်ပေးပြီးမကြာဘူး အိမ်လည်းဖောက်ခံရတယ်။ အိမ်ရှေ့မှာ ဆိုင်ကယ်ခဏထားလည်း ပျောက်တယ်။ သူခိုးကအရမ်းဆိုးရွာလာတယ်။ မိန်းကလေးအတွင်းခံကအစခိုးတယ်”ဟု အခြားဒေသခံ တစ်ဦးက မဲခေါင်ကိုပြောသည်။
လောင်းကစားဝိုင်းတွင် ဂျင်လေးကောင်၊ ဂလုံးဂလုံးနှင့် ဖဲဝိုင်းများပါဝင်ပြီး နေ့စဉ် အမျိုးသား၊အမျိုးသမီး လူငယ်များဖြင့် စည်ကားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကြောင့် ခိုးမှု၊ လုယက်မှုများလာသည့်အပြင် အိမ်တွင်းအကြမ်းဖက်မှုလည်း ပိုမိုများပြားလာကြောင်း သိရသည်။
#MeKongNews
#ပင်းတယ
#ဆူးဘိုကုန်း
#လောင်းကစားဝိုင်း
#စစ်ကောင်စီ








