မဲခေါင်၊ အောက်တိုဘာ ၇
သီတင်းကျွတ်လပြည့်နေ့ည၌ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လူငယ်များဓားခုတ်မှုဖြစ်ပွား လူငယ် ၂ ဦး ဓားခုတ်ခံခဲ့ရကြောင်း အခင်းဖြစ်ရာအနီးရှိသူများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် ကျိုင်းတုံမြို့၊ ယန်းခမ်းကားကြီးကွင်းလမ်းဆုံ၌ လူမိုက်ဆန်ဆန် လူငယ်တစ်စုက ဆိုင်ကယ်အုပ်စုဖြင့် လူငယ် အမျိုးသား ၂ ဦးအား ဓားများဖြင့်ခုတ်ခဲ့ခြင်း ဖြစ်သည်။
“အော်ဟစ်နေကြရင်းက ဓားနဲ့ခုတ်ကြတာ။ ပြီးတော့ ဆိုင်ကယ်တွေမောင်းပြေးကြတာ၊ တစ်ယောက်က ခြေထိလို့ မထနိုင်ဘူး။ တစ်ယောက်က လက်ထိတယ်သိရတယ်။ ဝေါ်ခုတ်ဘက်ကလို့ ကြားတာပဲ” ဟု သိမြင်ခဲ့ရသူတစ်ဦးက မဲခေါင်သို့ပြောသည်။
ဒဏ်ရာရသူများကို နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့သည် ရှမ်းအရှေ့၏မြို့တော်ဖြစ်သော်လည်း ခိုးဆိုးလုယက်မှုများ နေ့စဥ်လိုဖြစ်ပွားလျက်ရှိရာ ယခုလို ဓားများဖြင့် ရန်ပြုခြင်းမျိုးနှင့် ဆိုင်ကယ်လုယက်မှုများ ဖြစ်ပွားနေမှုများကဒေသ ဥပဒေစိုးမိုးရေးပျက်ပြားနေမှုကို ထင်ဟတ်နေသည်ဟု မြို့နေလူထုက ဝေဖန်လျက်ရှိသည်။
ဓာတ်ပုံ – နှလုံးလှပိုင်ရှင်များအသင်း (ကျိုင်းတုံ)
#MeKongNews
#ကျိုင်းတုံ
#ရှမ်းအရှေ့
#သီတင်းကျွတ်
#လပြည့်
#ဓားခုတ်မှု








