မဲခေါင်၊ စက်တင်ဘာ ၁၉
စက်တင်ဘာ ၁၇ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင် ဘန်မိုအရပ်ရှိ ရွှေဆိုင်တွင် ရွှေလာပေါင်သူအမျိုးသမီး၏ လည်ပင်းအား ဓားဖြင့်ထောက်ပြီး ရွှေဆိုင်မှ ဘတ် ၂၄၀၀၀၀ တန် ရွှေဆွဲကြိုးများ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ယင်းအမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဆိုင်ရှင်အမျိုးသမီးကြီးသည် ရွှေလာပေါင်သူအသက်ကို စိုးရိမ်သဖြင့် ရွှေဆွဲကြိုးများပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ရွှေလာပေါင် သည့် အမျိုးသမီးမှာ အသက် ၅၇ နှစ်အရွယ် ဆူရီနတ်ဘွာဆရီဆိုသူဖြစ်ကာ ၅ နှစ်အရွယ် မြေးလေး နေမကောင်းသဖြင့် ဆေးခန်းပြရန် လက်စွပ်ကို ဘတ် ၅၀၀၀ ဖြင့် လာပေါင်ခြင်းဖြစ်ကာ ကြောက်လွန်းသဖြင့် မိမိကိုယ်မိမိသေပြီဟုပင် ထင်မှတ်ခဲ့သည်ဟု ဖွင့်ပြောခဲ့သည်။
ဓားပြတိုက်သူအမျိုးသားသည် အသက် ၃၀၊ ၄၀ ဝန်းကျင်ရှိပြီး လောင်းကစားကြွေးများပေးရန်ရှိသဖြင့် ဓားပြတိုက်ခြင်းဖြစ်ကြောင်း ဓားပြတိုက်စဉ်အော်ပြောသည့်စကားသံများအရ သိရသည်။
အသက် ၇၂ နှစ်ရှိပြီဖြစ်သော ဆိုင်ရှင် နန်သာဝမ်ဆိုသည့် အမျိုးသမီးကြီးက ရွှေလာပေါင်သည့် ကာစတန်မာ အသက်ကို ငဲ့ကွက်ကာ ရွှေဆွဲကြိုးများပေးခဲ့ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂လကလည်း ထိုသို့ ဓားပြ လာတိုက်မှုတစ်ကြိမ်ကြုံခဲ့ရသေးပြီး ဘတ် ၅၀၀၀၀ တန် ရွှေလက်စွပ် ပါသွားခဲ့သည်ဟု ဖွင့်ပြောသွားခဲ့ သည်။
ဆာရာဘူရီရဲတပ်ဖွဲ့က ဆိုင်ကယ်မောင်းနှင့်ထွက်သွားသည့် ဓားပြအား လိုက်လံရှာဖွေနေကာ သတင်းပေးကြပါရန်လည်း တိုက်တွန်းတောင်းဆိုခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ရွှေဆိုင်
#ဓားပြတိုက်
#လောင်းကစား








