မဲခေါင်၊ စက်တင်ဘာ ၁၂
၂၀၂၂ ရွေးကောက်ပွဲက လက်ဝဲဝါဒီပြိုင်ဘက် လူလာဒါဆေးလ်ဗားအား မဲရှုံးသွားပြီးနောက် အာဏာ မစွန့်လွှတ်လိုသဖြင့် စစ်အာဏာသိမ်းရန် ကြံစည်ခဲ့သော ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာဘိုလ်ဆိုနာရို ကို ဘရာဇီးတရားရုံးချုပ်က ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်လိုက်ပြီဖြစ်သည်။
အသက် ၇၀ ရှိပြီဖြစ်သော ဘိုလ်ဆိုနာရိုသည် မဲအရှုံးရလဒ်ကို လက်မခံဘဲ စစ်အာဏာသိမ်းရန် ရည်ရွယ်ချက်ဖြင့် ထောက်ခံသူများအား ဆူပူအကြမ်းဖက်စေရန် လှုံ့ဆော်စည်းရုံးရာမှ ဆေးလ်ဗား သမ္မတသစ်ဖြစ်လာပြီး တစ်ပတ်အကြာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဘရာဇီးမြို့တော် ဘရာဆီလီယာ၌ အစိုးရအဆောက်အအုံများ၊ နိုင်ငံတရားရုံးချုပ်နှင့် အမျိုးသားလွှတ်တော်နန်းတော်ရာ များကိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။
စွဲချက်တွင် ဘိုလ်ဆိုနာရိုသည် သမ္မတသစ် ဆေးလ်ဗားကို အဆိပ်ခတ်ရန်၊ ရှေ့နေချုပ် ပေါ်လိုဂိုနတ်၊ တရားရုံးချုပ် တရားသူကြီးအလက်ဇန္ဒားဒီမိုရေးစ်တို့ကိုပါ ပစ်ခတ်လုပ်ကြံရန်ပါ ၎င်း၏ ခရိုနီများ၊ စစ်တပ်မှ အကြီးအကဲများနှင့် တိုင်ပင်ကာ ခိုင်းစေခဲ့သည်ဟု ဆိုသည်။
အမှုတွဲတွင် ၃၄ ဦးကို အရေးယူ မှုများပြုလုပ်ခဲ့ရာ ကြံရာပါ စစ်ဗိုလ်ချုပ်များလည်း ပါဝင်ခဲ့ကာ ဘရာဇီး တရားရုံးချုပ်က လိုအပ်သည့် မဲ ၃ မဲရရှိသဖြင့် သက်သေထင်ရှားကြောင်းဆုံးဖြတ်ပြီး ဘိုလ်ဆိုနာရိုကို ထောင်ဒဏ် ၂၇ နှစ် ၃ လ ချမှတ်လိုက်ကာ အခြားစွဲချက်များပါ စီရင်ချက်ပေါင်းချပြီးပါက ထောင်ဒဏ် အနှစ် ၄၀ အထိ ချမှတ်ခံရနိုင်ကြောင်း သိရှိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဘရာဇီး
#အာဏာသိမ်း
#ဘရာဇီးတရားရုံးချုပ်
#ဘိုလ်ဆိုနာရို








