မဲခေါင်၊ ဩဂုတ် ၁၅
ဟေတီနိုင်ငံ မြို့တော် ပေါ့အူပရင့်စ်ကို မီးလောင်ပြင် စစ်တလင်းဖြစ်စေကာ ကမ္ဘာ့အန္တရာယ်အကြီး ဆုံးမြို့ဖြစ်စေရန် ဦးဆောင်ဖျက်ဆီးနေသော ဂိုဏ်းခေါင်းဆောင် ဂျင်မီချီရီဇီယာကို ဖမ်းဆီးရမိရေး သတင်းပေးနိုင်ပါက ဆုတော်ငွေ ဒေါ်လာ ၅ သန်းပေးမည်ဟု အမေရိကန်က ဆုငွေ ထုတ်ပြန်ခဲ့သည်။
Viv Ansanm ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ဂျင်မီကို ဘာဘီကျူးဟု အများက သိရှိကြပြီး ၎င်း၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပေါ့အူပရင့်စ်မြို့ပေါ်လမ်းများပေါ်တွင် အလောင်း များပြန့်ကျဲကာ ပုပ်ပွနေသည်အထိ အခြေအနေဆိုးရွားနေပြီး ဂိုဏ်းအချင်းချင်း၊ အရပ်သားများအချင်း ချင်း သတ်ဖြတ်တိုက်ခိုက်နေမှုများကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။
ယခင် ဟေတီရဲတပ်ဖွဲ့ဝင်ဟောင်း ဘာဘီကျူး၏ ဂိုဏ်းသည် အမေရိကန်တွင် ခိုလှုံနေသော ဟေတီသားများထံမှ ရန်ပုံငွေများကို ဆက်ကြေးတောင်းသလို ကောက်ခံကာ လက်နက်အင်အားပါ အထူးတောင့်တင်းလာသဖြင့် ကုလသမဂ္ဂမှ စီစဉ်ပေးပြီး ပေါ့အူပရင့်စ်မြို့အား ထိန်းချုပ်ရန် ကန်ညာ လုံခြုံရေးတပ်များစေလွှတ်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လူသတ်မှု၊ ပြန်ပေးဆွဲမှုများစွာဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ လုပ်ဆောင်နေသည့်အတွက် ဘာဘီကျူးအား ဖမ်းမိနိုင်ရေး သတင်းအချက်အလက်ပေးနိုင်သူကို ဒေါ်လာ ၅ သန်း ပေးသွားမည်ဟု အမေရိကန် ရှေ့နေချုပ် ဂျန်းနင်းပီယာရိုက ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။
ဟေတီနိုင်ငံသည် ၂၀၂၁ ခုနှစ်က သမ္မတ ဂျိုဗီနယ်မွိုင်ဆေးအား အမည်မသိသေနတ်သမားတစ်ဦး လုပ်ကြံသတ်ဖြတ်ပြီးနောက်ပိုင်း တိုင်ပြည် ငြိမ်းချမ်းမှုပျက်ပြားကာ မြို့တော်ကိုပင် ဘာဘီကျူး ဦးဆောင်သောဂိုဏ်းမှ ထိန်းချုပ်ထားခြင်းဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဟေတီနိုင်ငံ
#ဘာဘီကျူး
#အမေရိကန်
#ဆုငွေထုတ်








