မဲခေါင်၊ ဇူလိုင် ၂၉
တာချီလိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ရေပြန်ကျသွားသော်လည်း မယ်ဆိုင်ချောင်းရေမှာမူ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့် ဆက်လက်ကျော်လွန်နေဆဲဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇေလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။
မယ်ဆိုင်ချောင်းရေမှာ ဇူလိုင်လ ၂၈ ရက် မနက်ပိုင်းက စိုးရိမ်ရေမှတ်ကို ၅ ပေခွဲခန့်ကျော်လွန်လျက်ရှိရာ ယနေ့နံနက်တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်သာ ကျော်လွန်တော့သည့်အတွက် ၃ ပေခွဲခန့် ရေကျဆင်းသည်ဟု ဆိုနိုင်သည်။
သို့သော်စိုးရိမ်ရေမှတ် အထက် ၂ ပေခန့် ကျော်လွန်နေသေးသည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနှိမ့်ပိုင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။
မနက်ဖြန် ဇူလိုင်လ ၃၀ ရက်တွင်မူ မယ်ဆိုင်မြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် တစ်ပေခန့် ကျဆင်းသွားမည်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မြေပြင်အခြေအနေတွင်မူ တာချီလိတ်မြို့အတွင်း မနက် ၇ နာရီအခြေအနေများအရ မြို့ပတ်လမ်း၊ တာလော့ရပ်ကွက်နှင့် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေကြီးနေဆဲ ဖြစ်သော်လည်း မယ်ခေါင်ရပ်ကွက်အပါအဝင် ရပ်ကွက်အချို့တွင်မူ ရေပြန်လည် ကျဆင်းနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၈ ရက်နေ့က ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားကိုလည်း ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ပြန်လည် သွားလာခွင့် ပြုပေးထားသည်ဟု သိရသည်။
#MeKongNews
#တာချီလိတ်
#ရေကြီး
#မယ်ဆိုင်ချောင်း
#မိုးဇလ








