မဲခေါင်၊ ဧပြီ ၂၂
ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road) ပေါ်တွင် တိုယာတာပစ်ကပ် အနက်ရောင်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေရာ မြန်မာတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် KNU ထံသို့ ပေးပို့မည့် သေနတ်နှင့် ကျည်များဖမ်းမိကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ဧပြီလ ၂၂ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကားပေါ်တွင် ထိုင်းအမျိုးသား ၂ဦးဖြစ်သည့် အသက် ၂၈နှစ်အရွယ် ခရိုင်ဖတ်နှင့် အသက် ၂၇ နှစ်အရွယ် ခီတီပေါ့တို့ကို ၅.၅၆ မမ ကျည်သုံး M16 ရိုင်ဖယ် ၁၀လက်၊ ကျည်ကတ် ၁၀ခု၊ M79 လောင်ချာ ၁၄လက်တို့နှင့်အတူ ဖမ်းမိကြောင်း သိရသည်။
ဖမ်းမိသည့် ထိုင်းအမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ကနဦးစစ်ဆေးရာ ချင်းမိုင်ခရိုင်၊ ချန်ဖော့အရပ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ မယ်ဟောင်ဆောင်ခရိုင်ရှိ KNU တပ်ဖွဲ့ထံ ပို့ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း၊ ပို့ဆောင်ခအဖြစ် ဘတ် ၈ ထောင်မှ ၉ ထောင်အထိ ရရှိပြီး ယခုအကြိမ်မှာ ၃ ကြိမ်မြောက် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူများကို စစ်ဆေးအရေးယူမှုများပြုလုပ်ပြီး ကွင်းဆက်များကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
REF: MGR Online
#MeKongNews
#သေနတ်
#ချင်းမိုင်
#KNU
#မယ်ဟောင်ဆောင်








