မဲခေါင်၊ ဧပြီ ၁၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ဧပြီလ ၁၈ ရက်နေ့က စတင်ဝင်ရောက်လာခဲ့သော်လည်း လက်တလော ဌာနဆိုင်ရာရုံးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
မြို့အခြေအနေ ပုံမှန်အတိုင်းရှိနေပြီး တချို့ရပ်ကွက်ရုံးများအနေဖြင့် ကိုးကန့်တပ် MNDAA ဝန်ထမ်းများနှင့်သာ ဆက်လက်ဖွင့်လှစ်နေကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
“ရှေ့ပြေးလောက်ပဲလာသေးတာ၊ မစုံသေးဘူး။ နည်းနည်းချင်းဝင်လာတာ၊ ၂၂ရက်နေ့မှစအသက်ဝင်မှာ၊ တချို့ရပ်ကွက်ရုံးမှာ ကိုးကန့်ဝန်ထမ်းတွေနဲ့ ဖွင့်နေသေးတယ်။ စကစတော့မဖွင့်သေးဘူး။ သူတို့ဝင်လာတာကို မြို့ခံအများကတော့ သဘောမကျဘူး”ဟု လက်ရှိအချိန်အထိ လားရှိုးမြို့တွင်ရှိနေသူက ရှင်းပြသည်။
ယမန်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် ဆင်နှစ်ကောင် ဟိုတယ်တွင်နေထိုင်နေသည်ဟု ၎င်းကဆက်ပြောသည်။
ဝင်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများသည် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှဖြစ်သည်ဟု ကနဦးသိရကြောင်း MNDAA နှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောသည်။
“ဘယ်ဌာနတွေက ဘယ်လိုလည်ပတ်သလဲဆိုတာ မသိရသေးပေမယ့် အရင် ပုံမှန် အရင်အမူအကျင့်အတိုင်းပဲ ဆိုရင်တော့ ပြည်သူအတွက် မကောင်းဘူးပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီနှင့် လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းများသည် တရားဝင် ဝင်ခွင့်ရသွားသည့်အတွက် ဖြေးဖြေးချင်းဝင်လာနေပြီး ဧပြီ ၂၂ ရက်မှသာ မည်သည့်ဌာနဆိုင်ရာဝန်ထမ်းများဖြင့် မည်ကဲ့သို့လည်ပတ်မည်ကို သိနိုင်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄ သြဂုတ်လဆန်းအတွင်း MNDAA နှင့်ပြည်သူ့ကာကွယ်ရေးတပ်များ၊ညီနောင်မဟာမိတ်တပ်များမှ သိမ်းပိုက်နိုင်ခဲ့ကာ MNDAA အုပ်ချုပ်ရေးလည်ပတ်ခဲ့ပြီး ထိန်းချုပ်ကာလ ၈ လကျော်အကြာ တွင် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
လားရှိုးမြို့မှ MNDAA တပ်ပြန်လည်ဆုတ်ခွာရခြင်းသည် တရုတ်အစိုးရ၏ဖိအားများစွာပါဝင်ခဲ့ပြီး ယင်းအပေါ်ပြည်သူအများစုအားနှစ်ခြိုက်ခြင်းမရှိပဲ ဝေဖန်မှုများမြင့်တက်နေသည်။
ဂနိုက်
#MeKongNews
#MNDAA
#ရှမ်းမြောက်
#လားရှိုး
#စစ်ကောင်စီ








