မဲခေါင်၊ ဇန်နဝါရီ ၅
ရှမ်းပြည်၊ တာချီလိတ်မြို့ရဲ့ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ထိုင်းနိုင်ငံသား ၁၅၁ ဦးကို ထိုင်းအာဏပိုင်တွေက ပြန်လည်လက်ခံခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ကာ ဆန္ဒအလျှောက် ရာဇဝတ်လုပ်ငန်းမှာ ပတ်သက်ဆက်နွယ်နေတဲ့သူ အားလုံးကို တရားဥပဒေအရ ထပ်မံအရေးယူမယ်လို့ သိရပါတယ်။
သူတို့ကို ချီလိတ်မြို့မှာ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျိုင်းတုံအကျဉ်းထောင်မှာ အပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့(၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လွတ်ငြိမ်းခွင့်မှာ ထိုင်းနိုင်ငံသား အမျိုးသား ၇၄ ဦး၊ အမျိုးသမီး ၇၇ ဦး၊ စုစုပေါင်း ၁၅၁ ဦးကို တာချီလိတ် မြန်မာ-ထိုင်း အမှတ်( ၂ )ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။
လွှဲပြောင်းလက်ခံခဲ့သူတွေကို ရာဇဝတ်မှုလုပ်ငန်းတွေမှာ ဆန္ဒအလျောက် ပါဝင်သူတွေနဲ့ အဓမ္မလူကုန်ကူးခံရသူတွေ ခွဲခြားနိုင်ဖို့ စစ်ဆေးမှုတွေပြုလုပ်နေပြီး တချို့ရာဇဝတ်မှုကျူးလွန်သူတွေဟာ အပြစ်လွတ်အောင် လူကုန်ကူးခံရတဲ့ သားကောင်တွေအဖြစ် အယောင်ဆောင်လေ့ရှိကြတယ်လို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် သက်ချိုင်းကပြောကြောင်း ဗွီအိုအေက ဖေါ်ပြပါတယ်။
ဆိုက်ဘာ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနတွေက စုံစမ်းစစ်ဆေးမှုတွေ အသေးစိတ် လုပ်ဆောင်နေပြီး ရာဇဝတ်လုပ်ငန်းမှာ ပတ်သက်ဆက်နွယ်နေတဲ့သူ အားလုံးကို တရားဥပဒေအရ အရေးယူမယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသဟာ တယ်လီကွန်းနဲ့ အခြားအွန်လိုင်း လိမ်လည်မှု ရာဇဝတ်လုပ်ငန်းတွေ အခြေဆိုက်ရာ နေရာဖြစ်လာနေပြီး ရာဇ၀တ်ဂိုဏ်းတွေက လူသန်းနဲ့ချီကို လူကုန်ကူးကာ လိမ်လည်ရေး လုပ်ငန်းတွေနဲ့ တခြားတရားမဝင် လုပ်ငန်းတွေမှာ အဓမ္မ အလုပ်ခိုင်းစေလေ့ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုပြန်လွှဲပေးလိုက်တဲ့ ထိုင်းနိုင်ငံသားတွေကို တာချီလိတ်မှာ ဖမ်းဆီးစဉ်က မြန်မာနိုင်ငံသား ၆၈၉ ဦးလည်း ပါဝင်ပေမယ့် မနေ့က လွှတ်ပေးတဲ့ လွတ်ငြိမ်း ၅၈၆၄ ဦးထဲမှာ သူတို့ ပါဝင်တယ် မပါဝင်ဘူးဆိုတာကိုတော့ စစ်ကောင်စီက သီးခြားဖေါ်ပြတာ မရှိပါဘူး။ သူတို့တတွေဟာ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ဆန္ဒအလျောက် ပါဝင်သူတွေလား အဓမ္မလူကုန်ကူးခံရသူတွေလား ဆိုတာကိုလည်း စစ်ကောင်စီက စိစစ်ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
MK-012
#MeKongNews
#အွန်လိုင်းငွေလိမ်
#တာချီလျတ်
#ထိုင်းနိုင်ငံသား၁၅၁
#ပြန်လည်လွှဲပြောင်း








