မဲခေါင်၊ ဒီဇင်ဘာ ၂ဝ
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံက ဖောက်လုပ်ရန်စီစဉ်နေတဲ့ မူဆယ်-မန္တလေး မီးရထားလမ်းကြောင်းတလျောက်ကို ပစ်မှတ်ထားခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့တိုက်ခိုက်မှုမှာ အရပ်သား ၂၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဒီနေ့ (ဒီဇင်ဘာ၂ဝ)မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အခုနှစ် အောက်တိုဘာ ၉ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၉ ခုနဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တို့မှာ အရပ်သား ၆၈ ဦး သေဆုံးပြီး ၁၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်ခံရမှုတွေမှာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ စျေးဆိုင်တွေနဲ့ စက်ရုံအလုပ်ရုံတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဖေါ်ပြပါရှိပါတယ်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုတွေဟာ တရုတ်နိုင်ငံက စီမံနေတဲ့ မူဆယ်-ကျောက်ဖြူ အမြန်ရထားလမ်းရဲ့ မြောက်ပိုင်းတစ်လျှောက်မှာ တည်ရှိတဲ့မြို့တွေကို အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပြီး ထိုဒေသတွေဟာ စစ်ခေါင်းဆောင်က ၂၀၂ ၄ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် Li Qiang နဲ့တွေ့ဆုံပြီးနောက် စီမံကိန်းစတင်အကောင်အထည်ဖော် လုပ်ဆောင်နိုင်တဲ့ဒေသတွေအဖြစ် ကြေညာထားသောနေရာတွေလို့ သိရပါတယ်။
“တရုတ်နိုင်ငံအနေနဲ့ကတော့ သူတို့အကျိုးစီးပွားတွေ တည်ငြိမ်ဖို့လိုချင်မှာပဲလို့ ကျွန်မအနေနဲ့ မြင်ပါတယ်ရှင့်၊ ဒါပေမယ့် စစ်ကောင်စီက ဒီလိုတိုက်ခိုက်နေတာကတော့ သူတို့လိုချင်တဲ့ အခြေအနေမျိုးကို မရနိုင်ဘူးလို့ မြင်ပါတယ်ရှင့်” လို့ SHRF က ယိင်းလျန်းဟန်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မူဆယ်မြို့နဲ့ မန္တလေးမြို့ကို ဆက်သွယ်နိုင်မယ့် ၄၀၉ဒ ဿမ ၉၆ ကီလိုမီတာ ရှည်လျားတဲ့ မီးရထားလမ်းပိုင်းဟာ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၉ ဘီလီယံကုန်ကျမှာဖြစ်ပြီး တံတား ၁၂၄ စင်း၊ လှိုဏ်ခေါင်း ၆၀ ခုနဲ့ ဓာတ်အားပေးစက်ရုံခွဲ ၁၁ ခု ပါဝင်မှာဖြစ်ကာ ထိုစက်ရုံခွဲတွေဟာ တရုတ်ကုမ္ပဏီအများစုက စီမံကိန်းချပြီး ဆောက်လုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်၊ နမ္မတူမြစ်၊ မြစ်ငယ်မြစ်နဲ့ သံလွင်မြစ်ပေါ်က တာတမံတွေက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို အသုံးပြုမှာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
MK—012
#MekongNews
#မူဆယ်
#မန္တလေး
#ရထားလမ်း
#စီမံကိန်း
#အရပ်သား၂၀၀








