စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်စာများတွင် ပီအန်အို တပ်ဖွဲ့ဝင်များ ပါဝင်နေ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၂၈
ပီအန်အို တပ်ဖွဲ့ဝင်များကို စစ်ကောင်စီ၏ စစ်မှုထမ်းခိုင်းစေခြင်းမပြုရန် နှစ်ဘက်သဘောတူထားသော်လည်း စစ်မှုထမ်း ဆင့်ခေါ်စာတွင် ပီအန်အိုတပ်ဖွဲ့ဝင်များပါဝင်နေသည်ဟု ဒေသတွင်းမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသကို ထိန်းချုပ်ထားသည့် ပီအန်အို ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်ကောင်စီ၏ စစ်မှုထမ်းခိုင်းစေခြင်းကို ယာယီဆိုင်းငံ့ထားမည်ဟု စစ်ကောင်စီနှင့် ပီအန်အို သဘောတူထားသော်လည်း လက်ရှိ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့ပေါ်ရပ်ကွက်များ၌ စစ်ကောင်စီမှ ရပ်ကွက်အလိုက် စစ်မှုထမ်းဆင့်ခေါ်ရာတွင် ပီအန်အိုတပ်ဖွဲ့ဝင်များပါဝင်နေသည်ဟု ဒေသခံကပြောသည်။
ပီအန်အို၏ ပြောရေးဆိုခွင့်ရှိသူ စောခွန်ကျော်ဝင်းက “ ပီအန်အိုမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်မှုထမ်းကာလ ယာယီဆိုင်ငံ့ထားဖို့နဲ့ ပအိုဝ်းဒေသနယ်မြေအေးချမ်းမှ စစ်မှုထမ်းဆင့်ခေါ်ဖို့ တောင်းဆိုထားတယ်၊ မူအားဖြင့် လက်ခံထားတယ်လို့သိရတယ်” ဟု မဲခေါင်ကို ပြောသည်။
မြေပြင်၌ ယခုကဲ့သို့ ပီအန်အိုတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ၏ စစ်မှုထမ်းစာရင်း၌ပါဝင်နေခြင်းသည် တပ်ရင်း တပ်ဖွဲ့ဝင်အမှန်အကန်မဟုတ်သူ၊ ငွေပေးပြီးရှေ့တန်းမသွားသူ၊ စာရင်းအမှန်တွင် ပါဝင်ခြင်းမရှိသူများသာဖြစ်နိုင်သည်ဟု စောခွန်ကျော်ဝင်းကပြောသည်။
ယခင်က PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို တပ်ဖွဲ့ဝင်ကဒ်များထုတ်ပေးခြင်းရှိခဲ့ပြီး အောက်ခြေတပ်မှူးများက သင်တန်းမတက်သူများကိုပါ ငွေကြေးရယူကာ ကတ်ထုတ်ပေးထားခြင်းများရှိသဖြင့် ပီအန်အို ဗဟိုမှ ကဒ်ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းခဲ့ကာ စစ်ကောင်စီနှင့် ပြဿနာတစုံတရာ ရှိလာလျှင် သက်ဆိုင်ရာ စစ်ဒေသမှူးများက ဖြေရှင်းမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သူကပြောသည်။
လက်ရှိ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပအိုဝ်းဒေသ၌ ပီအန်အို ပြည်သူ့စစ်မှ ခေါ်ယူစုဆောင်းထားသော တပ်သားပေါင်း လေးသောင်းနှစ်ထောင်နီးပါး ရှိနေသည်။
သုဝဏ္ဏခွန်
#MeKongNews








