လားရှိုးမြို့မှာ ထမင်းအဝစား လူတစ်ဦး ၂၀၀၀ကျပ်နဲ့ ရောင်းချမယ်
မဲခေါင်၊ ဒီဇင်ဘာ ၁၁
အခြေခံလူတန်းစားတွေ ခက်ခဲကြပ်တည်းနေတဲ့ လားရှိုးမှာ ဒီဇင်ဘာ တတိယပါတ်က စတင်ကာ ဟင်းအမယ်လေးမျိုးပါဝင်တဲ့ ထမင်းအဝစားကို လူတစ်ဦး ၂၀၀၀ကျပ်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ ရောင်းချဖို့ စီစဉ်နေသူတွေထံကနေ သိရပါတယ်။
စားသုံးသူတစ်ဦးကို အသားဟင်း၊ အရွက်ကြော်၊ ဟင်းရည်၊ အထောင်းစတဲ့ ဟင်းအမယ် လေးမျိုးနဲ့ စားသုံးနိုင်မှာဖြစ်ပြီး မနက် ၁၀နာရီဝန်းကျင်ကနေ ညနေ ၃နာရီအထိ လူဦးရေ ၄၀၀စာ ကနဦး စတင်ရောင်းချပေးသွားမှာဖြစ်သလို လာရောက်စားသုံးသူ များပြားလာပါက ထပ်မံ တိုးချဲ့ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။
လတ်တလောအနေနဲ့ တစ်ရက်ကို အသားဟင်းသုံးမျိုးနဲ့ လူ ၄၀၀ စာအတွက် တစ်ရက်ကို ကျပ်၁၀သိန်းကျော်ကုန်ကျမယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကို Mr.Guitar Bar Lashio ပိုင်ရှင်နဲ့ မိတ်ဆွေတွေရဲ့ ထည့်ဝင်ငွေနဲ့ အကောင်အထည်ဖေါ်မှာဖြစ်ပြီး အရှုံးအမြတ်ကို အဓိကမထားပဲ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အလုပ်အကိုင်ရှားပါးဒဏ် ရင်ဆိုင်နေရတဲ့ လားရှိုးမြို့က အခြေခံလူတန်းစားတွေအတွက် ဈေးသင့်ထမင်းဟင်းရောင်းချမှာဖြစ်တယ်လို့ ပြောပါတယ်။
ကိုးကန့်တပ်( MNDAA) ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို တရုတ်ဘက်ကလည်း ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားသလို ‘ဝ’ဘက်ကနေ ကုန်စည်ဝင်ရောက်မှုကိုလည်း ဖိအားပေးတားမြစ်ထားသလို စစ်ကောင်စီကလည်း ကုန်စည်ဝင်ရောက်မှုမရှိစေရေးအတွက် အဘက်ဘက်ကနေ ပိတ်ဆို့နေတာကြောင့် ကုန်စည်ဈေးနှုန်းကြီးမားကာ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်ပေါ်နေတာပါ။
“ အခြေခံလူတန်းစားတော်တော်များများ အဆင်မပြေတာ တွေ့ရတဲ့အတွက် ဒီအစီအစဉ်လေးကို စီစဉ်လိုက်တာပါ၊ ဒီအစီအစဉ်လေးလုပ်ဖို့ လာရောက်ပါဝင်ကြတဲ့ အလှူရှင်တွေလည်း ရှိနေပါတယ်” ဆိုင်တာဝန်ရှိသူက ပြောပါတယ်။
ပံ့ပိုးလှူဒါန်းတာမျိုးဖြစ်လို့ ဝင်ငွေ ထွက်ငွေစာရင်းကို ပုံမှန်ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောပါတယ်။
CJ-003
#MeKongNews








