မဲခေါင်၊ စက်တင်ဘာ ၆
ရှမ်းတောင်၊ ကွန်ဟိန်းမြို့နယ်က လိုက်ကမ်ကျေးရွာမှာ စက်တင်ဘာ၄ ရက် မနက်ပိုင်းမှာ တောင်သူ ၃ ဦး မြေမြုပ်မိုင်းထိလို့ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
ကွန်ဟိန်းမြို့နယ် လိုက်ကမ်ကျေးရွာနေ စိုင်းဆိုင်ဟာ တောင်ယာ လုပ်နေစဉ် မြေမြုပ်မိုင်း ပေါက်ကွဲလို့ ခြေထောက်၊ ဝမ်းဗိုက်နဲ့နောက်ကျောနေရာတွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခြားသူ ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်စီရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပြီး မိုင်းထိဒဏ်ရာရသူ စိုင်းဆိုင်အတွက် ဆေးကုသမှုစရိတ်အဖြစ် MSFF-Japan အဖွဲ့က ငွေကျပ် ၅သိန်းကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
“အေးဗျာ ဒေသခံတွေ ဖားရှာ ငါးရှာတာကအစ တောင်ယာလုပ်ရတာ အသက်ပေးနေရတာ၊ လူထုမထိဖို့ မိုင်းမထောင်ကြရင် ကောင်းမယ်ဗျာ”လို့ ကွန်ဟိန်းဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ကွန်ဟိန်းက ကနေ ၇ မိုင်ဝေးတဲ့ လိုက်ကမ်နဲ့ နမ့်တုတ်ဘက်မှာ ပြီးခဲ့လအတွင်းက RCSSနဲ့ SSPP တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ တောင်ယာတွေ ရွာအနားတွေမှာ မိုင်းတွေ မြုပ်ထားခဲ့လို့ ဒေသခံလူထု ထိခိုက်ဒဏ်ရာ ရနေခဲ့တာဖြစ်ပါတယ်။
MK-012








