မဲခေါင်၊ ဇူလိုင် ၁၇
မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရေပူရွာ၊ မူလတန်းကျောင်းအနီးက လူနေအိမ်တစ်လုံးပေါ်ကို ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်အချိန်လောက်မှာ ဒရုန်းဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အိမ်ချင်းနီးစပ်သူတွေက ပြောပါတယ်။
ဒရုန်းဗုံးကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တဲ့အပြင် အမျိုးသမီး တစ်ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
“ရွာထဲမှာ တိုက်ပွဲ ဖြစ်နေတယ်။ ထိတဲ့အိမ်ကတော့ တိုက်ပွဲနေရာနဲ့ အဝေးကြီး။ ဒရုန်းနဲ့ ဗုံးသီးလာချသွားတာ။ အိမ်ကတော့ တော်တော်များများ ရစရာကို မရှိတော့ဘူး။ ထိသွားတဲ့ တစ်ယောက်တော့ ဒဏ်ရာပြင်းတယ်။ အသက်အန္တရာယ် ဘာညာတော့ မရှိဘူး” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်း၊ ပန်းမထိပ်ရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ ညောင် ၃ ပင် ရပ်ကွက်၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဗမွန်ရွာနဲ့ ဆင်တောင်ဘုန်းကြီးကျောင်းဘက်တွေမှာ စစ်ကောင်စီနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)ဦးဆောင်တဲ့ မဟာမိတ်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ဗျူဟာကုန်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပတ်ခတ်နေတယ်လို့ သိရပါတယ်။
“ချမ်းမြေ့သာယာဘက်မှာ မနက် ၁၀ နာရီလောက်က တော်တော်များများ လက်နက်ကြီးကျတယ်။ အိမ်တွေ တော်တော်များများထိတယ်။ တချို့အိမ်ဆို တစ်အိမ်လုံးမဲတူးပြီး ရစရာကို မရှိတော့ဘူး” လို့ ချမ်းမြေ့သာယာရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
မနေ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေအေးကွင်းရပ်ကွက်နဲ့ ပန်းမရွာဘက်မှာ နေထိုင်တဲ့ အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ပါသေးတယ်။
မိုးကုတ်မြို့ အရှေ့ပိုင်းက ချမ်းမြေ့သာယာ၊ စည်ပင်သာယာ၊ ဗိုလ်ကုန်း၊ ထားဝယ်ကုန်း စတဲ့ရပ်ကွက်တွေကို စစ်ကောင်စီက တိုက်ပွဲလမ်းကြောင်း ကျတယ်လို့ဆိုကာ ဖယ်ရှားခိုင်းထားပေမယ့် လတ်တလော မြို့ပြင်ထွက်ခွင့် ပေးမထားတာကြောင့် ရပ်ကွက်နေပြည်သူတွေ ပိတ်မိနေကြတယ်လို့ စုံစမ်း သိရပါတယ်။
MK-014







