မဲခေါင်၊ ဇူလိုင် ၁၀
ရှမ်းမြောက်၊ လားရှိုး ရမခစစ်တိုင်းဌာနချုပ်ရဲ့ ရှေ့ကာတပ်ဖြစ်တဲ့ ခမရ-၅၀၇ ကို MNDAA က တိုက်ထုတ်နိုင်ခဲ့တာကို စစ်ကောင်စီတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး အလံတင်ပြတဲ့ ရုပ်သံနဲ့ ၅၀၇ ကို ပြန်သိမ်းလိုက်နိုင်တယ်လို့ ပြောတဲ့ Tiktok ရုပ်သံတွေဟာ လိမ်ဆင်တွေနဲ့ဂျင်းထည့်တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်မှာ MNDAA က လားရှိုး ရမခရဲ့ အနီးကပ် ရှေ့ကာတပ် ခမရ-၅၀၇ ကို တိုက်ထုတ်ခဲ့ပြီးနောက်နေ့ ဇူလိုင်လ ၈ ရက်မှာ စစ်ကောင်စီတပ်တွေ ပြန်သိမ်းနိုင်ပြီးဆိုပြီး အလံတင်ပြတဲ့ရုပ်သံမှာ အလံတိုင်အောက်ခုံ က တပ်ရင်းအမည်ကို သေချာစွာ ရိုက်မပြဘဲ မနေ့ဇူလိုင် ၉ ရက်က တက်လာတဲ့ (၅ဝရ) ကို ပြန်ရပြီပြောတဲ့ Tiktok ရုပ်သံမှာ အလံတိုင်အောက်ခံခုံမှာ တပ်ရင်းနံပါတ် ၄၀၉(၄၀၉)လို့ ထင်ရှားစွာတွေ့မြင်ရပါတယ်။
ရုပ်သံဖိုင်မှာ ပြောတဲ့သူက “ကျနော် ၅၀၇ တပ်မှာ ရောက်နေပါတယ်၊ ၅၀၇ တပ်ကြီးကို ကျနော်တို့ကယ်ဆယ်ပြီးပါပြီ၊ ကယ်ထုတ်ပြီးသွားပါပြီ၊ သမိုင်းဝင်တိုက်ပွဲကြီး နွှဲနေပါတယ်၊ ပြန်ပြီးတော့ ထိန်းချုပ်ထားပြီးပါပြီ”လို့ ရုပ်သံနဲ့ ပြောဆိုနေပေမယ့် တပ်ရင်းအလံတိုင်ရင်ရဲ့ အောက်က တပ်ရင်း အမှတ်မှာတော့ ၄၀၉ လို့ မြင်နေရတာပါ။
“ရမခ ပြည်သူ့စစ်ဌာနက ငတိတစ်ပွေ ဗဟိုကင်းထဲရိုက်ပြလို့ သူက ဖွတဲ့နေရာမှာ စူပါစတား၊ လည်တော့ လည်တယ် တစ်ပတ်မပြည့်တဲ့ကောင်၊ ဒီ movie ကို သေချာကြည့်ရင် တပ်နံပတ် ပေါ်တယ်၊ စကစရဲ့ဗဟိုကင်းဆိုတာ အားလုံး တစ်ပုံတည်းဖြစ်အောင် ဆောက်ထားရတာ၊ လွဲနေရင်တောင်ပြန်ပြင်ရတာ၊ ဒီတော့ ခမရ-၅၀၇ အနေအထားက “ဖြတ်ထောက်ပိတ်ဆို့ ခံထားရပြီ” ဆိုတာ သေချာတဲ့အနေအထားလို့ ယူဆရတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ထားပါတယ်။
လားရှိုးတိုက်ပွဲအခြေအနေကတော့ ယနေ့ဇူလိုင်လ ၁၀ ရက် မနက် ၈ နာရီခန့်မှ လားရှိုးမြို့ ရပ်ကွက်-၉ နယ်မြေ ၃ လမ်းသွယ် ၁ ကို လက်နက်ကြီး ၂ လုံးကျတာ ကလေးတွေအပါအဝင် လူအများထိကုန်လို့ ပရဟိတကားတွေနဲ့သယ်ဆောင်နေတယ်ဆိုတာ ဒေသခံ ၁ ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
လားရှိုးမှာ စတင်တိုက်ပွဲဖြစ်တဲ့ ဇူလိုင်လ ၂ ရက်ညကနေ ယနေ့ ဇူလိုင်လ ၁၀ ရက် မနက်ပိုင်းအထိ မဲခေါင်က ရရှိတဲ့ အရပ်သားပြည်သူတွေထိခိုက်မှုမှာ ပြီးခဲ့တဲ့ ဇူလိုင်၇ ရက် ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၇-နယ်မြေ ၁၉ မှာ တစ်ချိန်တည်း ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်လို့ စုစုပေါင်း သေဆုံးသူ၂၂ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးကျော်ရှိနေခဲ့တာဖြစ်ပေမယ့် မြေပြင်မှာ ယင်းထက် ပိုမိုနိုင်တဲ့အနေအထားရှိနိုင်ပါတယ်။
MK-012








