မဲခေါင်၊ နို၀င်ဘာ ၂၃
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့မှာ လွိုင်ကော်နဲ့ မိုးဗြဲ ဒေသက လာရောက် ခိုလှုံတဲ့ စစ်ဘေးရှောင် ၆,၀၀၀ အထိ တိုးလာတယ်လို့ ကူညီပေးနေသူတွေက ဒီကနေ့ ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ ကောက်ယူခဲ့တဲ့ စာရင်းတွေအရ စစ်ဘေးရှောင် ၂,၅၀၀ ခန့်သာ ရှိခဲ့ပေမယ့် မနေ့ နိုဝင်ဘာ ၂၂ မှာတော့ ၆,၀၀၀ ကျော်အထိ တိုးလာပြီး စစ်ဘေးရှောင်စခန်း ၄ ခု တိုးချဲ့ ဖွင့်လှစ် ထားရတယ်လို့ ဆိုပါတယ်။
“ညောင်ရွှေမှာက လုပ်အားကူတဲ့ သူတွေ များတယ်။ ဒါပေမယ့် မြို့ငယ် ဆိုတော့ လူလတ်တန်းစားနဲ့ အခြေခံတွေ များတော့ ငွေအား ပိုကူစေချင်တာပေါ့။ အခုဆို မမျှော်လင့်ဘဲ စခန်း ဖွင့်လိုက်ရတာတွေ များလာပြီ။ လူငယ်တွေလည်း နိုင်ငံရေးကြောင့် ရှောင်ပြေး ကုန်ကြပြီ။ ကျန်တဲ့ လူငယ်တွေက လူနည်းစု ဆိုတော့ တော်တော်လေး တိုင်ပတ်နေတယ်။ ထပ်ရောက်ဖို့လည်း ရှိပါဦးမယ်” လို့ ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
အခုလို ညောင်ရွှေမှာ စစ်ဘေးရှောင် အဆမတန် တိုးလာတာဟာ ကရင်နီ တော်လှန်ရေး အင်အားစုတွေဘက်က လွိုင်ကော်မြို့ တစ်ဝက်ခန့် စိုးမိုးလာပြီးနောက် မြို့ပေါ်မှာ စစ်ပွဲဧရိယာ ပိုကျယ်လာတာကြောင့် ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။
ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့-KHAI ရဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “မနေ့က အထိ မြေပြင် ရဲဘော်နဲ့ အဆက်သွယ်ရတော့ ကျန်တဲ့ လူဦးရေက ၁၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ် ပြောတယ်။ တိတိကျကျတော့ ပြောရခက်တယ်ပေါ့နော်။ မြို့နေရာအနှံ့ သွားလို့ မရတော့လေ။ ရှောင်တဲ့ လူတွေကလည်း ပိုပြီး စားဝတ်နေရေး အဆင်ပြေတဲ့၊ လုံခြုံရေး စိတ်ချရတဲ့ နေရာကို ရှောင်ကြတာ များတယ်ပေါ့။ ကျနော်တို့ ကတော့ ကရင်နီပြည် အတွင်းပဲ ကူညီတယ်ပေါ့။ လေလောဆယ် ရှမ်းတောင်ဘက် ရှောင်တဲ့လူတွေက ညောင်ရွှေ အများဆုံးလို့ ကြားတယ်” လို့ လွိုင်ကော်ဒေသ အခြေအနေကို ရှင်းပြပါတယ်။
ညောင်ရွှေမြို့မှာ အရင်က မြို့မရန်ကုန်ကျောင်း၊ မဟာရန်အောင်စေတီ၊ ရွှေချမ်းသာဘုရား၊ ကန်သာမြို့ဦး ဓမ္မရုံ၊ ဆရာကြီး ဦးတင်မောင်ဝေ ပရဟိတ အဆောင်၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ရွှေဇာလီဘုရား စတဲ့ နေရာတွေမှာ စစ်ဘေးရှောင် စခန်းတွေ ဖွင့်လှစ်ထားပေမယ့် လက်ရှိ မြို့ဦးစေတီ၊ နန်းသဲမုဒ်ထုပ်ကျောင်း၊ မြသိန်းတန်ကျောင်း၊ ဗောရိသတ်ကျောင်း စတဲ့ နေရာတွေမှာ ထပ်မံ တိုးချဲ့ ခိုလှုံခွင့် ပေးထားတယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့ပေါ်အပြင် အင်းလေးဒေသမှာလည်း စစ်ဘေးရှောင်တွေကို ခိုလှုံခွင့် ပေးထားပြီး မြို့နယ်တစ်ခုလုံး အနေနဲ့ စစ်ဘေးရှောင် ၁၀,၀၀၀ နီးပါးအထိ ရှိနိုင်တယ်လို့ ကူညီပေးနေသူတွေက ပြောဆိုထားပါတယ်။
CJ-007
#MeKongNews
#လွိုင်ကော်
#စစ်ဘေးရှောင်
#ရွှေညောင်














