မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ သိန္နီမြို့နယ်ကြားက စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး အဖြစ် TNLA က ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ရာ စစ်သားတွေ စခန်းလုံးကျွတ် ထွက်ပြေးသွားတယ်လို့ ထုတ်ပြန် လိုက်ပါတယ်။
မနေ့၊ အောက်တိုဘာ ၃၀ ရက်၊ ညဦးပိုင်းကစပြီး မိုးပါးစခန်းကို TNLA က ထိုးစစ်ဆင် တိုက်ခိုက်ရာ ညသန်းခေါင်မှာ စစ်ကောင်စီတပ်သားတွေ စခန်းလုံးကျွတ် ထွက်ပြေးသွားလို့ အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်တွေ စခန်းလုံးကျွတ် ထွက်ပြေးသွားတာကြောင့် စခန်းကို ဒီကနေ့ အောက်တိုဘာ ၃၁ ရက်၊ မနက် ၄ နာရီခန့်မှာ TNLA က သိမ်းပိုက် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ရှမ်းမြောက်မှာ စစ်ကောင်စီတပ်တွေဟာ ညီနောင် မဟာမိတ်တပ်တွေကို ရင်ဆိုင် မတိုက်လိုတာကြောင့် စခန်းစွန့်ခွာ ထွက်ပြေးနေသလို လက်နက်ချ အညံ့ခံတာတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အော်ပရေးရှင်း ၁၀၂၇ စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီကနေ့ ၃၁ ရက်အထိ ရှမ်းမြောက်မှာ ချင်းရွှေဟော်မြို့၊ သိန္ဒီမြို့၊ ဖောင်းဆိုင်မြို့ အပါအဝင် စစ်ကောင်စီတပ် စခန်းပေါင်း ၈၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကောင်စီဘက်က မြေပြင်မှာ ဆက်တိုက် ရှုံးနိမ့်နေတာကြောင့် ဟောင်ဝှစ်ဇာ အမြောက်တွေ၊ အတွဲလိုက် ဒုံးတွေ၊ လေကြောင်းပစ်ကူတွေ ဆက်တိုက် အသုံးပြု တိုက်ခိုက်နေတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ TNLA တပ်သား တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်လို့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နိုင်တယ်လို့ TNLA ပြန်ကြားရေးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြား မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်စေဖို့ ခရီးမသွားလာဖို့နဲ့ မဖြစ်မနေ သွားလာဖို့ လိုအပ်ပါက TNLA အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေးပို့ကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
MK-007
#MeKongNews
#မိုင်းပါးတပ်စခန်း
#TNLA
#၁၀၂၇_စစ်ဆင်ရေး








