စစ်ကောင်စီ၏ အပြင်းအထန်ထိုးစစ်ကြောင့် တောင်ခမ်းဒေသ၌ တော်လှန်ရေးဘက်က ထိန်းချုပ်ထားသည့် ကျေးရွာတချို့လက်လွှတ်ခဲ့ရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ယခုရက်ပိုင်း စစ်ကောင်စီ၏ အပြင်းအထန်ထိုးစစ်နှင့် နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် တောင်ခမ်းဒေသက ကျေးရွာနှစ်ရွာကို လက်လွှတ်ဆုတ်ခွါပေးခဲ့ရသည်။
စစ်ကောင်စီတပ်သည် တောင်ခမ်းရွာ မြောက်ဘက် ကျောက်ဂူဒေသနှင့် တောင်ခမ်း တောင်ဘက်နောင်ချိုမြို့ကို အပြင်းအထန်ထိုးစစ်ဆင်နေသည်။
“နှစ်ရွာလောက်ပြန်ဆုတ်ပေးလိုက်တာရှိတယ်၊ ကျန်တာကတော့ပုံမှန်ပဲ တော်လှန်ရေးဘက်ကထိုးလိုက် ရန်သူဘက်ထိုးလိုက်ပါ၊ လေယာဉ်လည်း အမြဲလိုလို လာပစ်တယ်” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA တပ်ခေါင်းဆောင် ကိုထွန်းနိုင်က မဲခေါင်ကို ပြောသည်။
ကိုထွန်းနိုင်၏ သတင်းစကားအရ တောင်ခမ်းမှနောင်ချိုမြို့သို့ စစ်ကောင်စီစစ်ကြောင်း ဥဒဟိုသွားလာနိုင်သည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်သည်။
ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပိုမိုပြင်းထန်နေသလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတချို့တွင် အချင်းချင်းပစ်မိကာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြားခြင်းလည်း ရှိနေသည်။
တောင်ခမ်းဒေသ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် ၉၀၂ နှင့်ကွပ်ကဲမှုလက်အောက်ခံ အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆)တပ်စခန်းများ၊ တောင်ခမ်းရွာ၊ မန်ကျည်းရေရွာနှင့် ဘန့်ဘွေး၊ ဝက်ဝံစသည့်နေရာများအား စစ်တပ်ကထိန်းချုပ်ထားနိုင်သည်။
စစ်ကောင်စီသည် တောင်ခမ်းဒေသမှတဆင့် ကျောက်ဂူနှင့်နောင်ချိုမြို့များသို့ ထိုးစစ်ဆင်ရာတွင် လိုအပ်သောရိက္ခာနဲ့စစ်ကူအင်အားများအား စစ်ကောင်စီက ကျောက်ဂူ-နမ့်လန်-ရပ်စောက်ဘက်မှ ကားများနှင့် ပို့ဆောင်ခြင်းဖြစ်သည်။
ထိုလမ်းပိုင်းကို စစ်ကောင်စီဘက်မှ ပို့ဆောင်ရေးလမ်းကြောင်းအသုံးပြုရလွယ်ကူစေရန် SSPP က လုံခြုံရေးပေးထားသည်ဟု စစ်တပ်ထောက်ခံသူများမှ လူမှုကွန်ရက်စာမျက်နှာများ၌ရေးသားထားသည်။ မဲခေါင်အနေဖြင့်သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။
တောင်ခမ်းဒေသသည် စစ်ကောင်စီ၏ စစ်ဦးစီးတက္ကသိုလ်ကဲ့သို့ တပ်စခန်းအများအပြားရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၅၀ ကျော်သာကွာဝေးပြီး ဗိုလ်သင်တန်းကျောင်းများ၊ အရာခံအကြပ်ကြီးသင်တန်းကျောင်းများ၊ တပ်ရင်းမှူးသင်တန်းကျောင်းများ အခြေစိုက်ရာ ဗထူးတပ်မြို့နှင့် ၇၉ မိုင်ခန့်သာကွာဝေးသည်။
“ တောင်ခမ်းပြီးရင် ဗထူးပြိုမယ်၊ ဗထူးက တပ်မြို့အခိုင်မာဖြစ်တာရယ် စစ်သင်တန်းပေါင်းစုံရှိထားတာရယ်ဆိုတော့ စကစအတွက် အရေးကြီး အရေးပါတဲ့ နေရာတစ်ခုဖြစ်နေတာက လူတိုင်းသိပါတယ်” ဟု DPLA တပ်ခေါင်းဆောင်က မဲခေါင်ကိုပြောသည်။
တောင်ခမ်းဒေသကို TNLA , DPLA နှင့် တော်လှန်ရေးပူးပေါင်းအင်အားစုများမှ ၂၀၂၄ နှစ်၊ နှစ်ဝက်ခန့်ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းကို အချိန်တိုအတွင်းသွားလာနိုင်ပြီး စစ်ရေးအရအချက်အချာကျသော တောင်ခမ်းဒေသကို စစ်ကောင်စီက လက်မလွှတ်ရေးအပြင်းအထန်ကာကွယ်နေသကဲ့သို့ တော်လှန်ရေးအင်အားစုများကလည်း အပြီးတိုင်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေသည်။
ဂနိုက်
#MeKongNews








