မဲခေါင်၊ သြဂုတ် ၆
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ လားရှိုးမြို့၊ ဒုတိယခရိုင်ရဲမှူး ဦးလှမျိုးကို ကိုးကန့်တပ်မတော် (MNDAA) က ဆေးကုသပေးနေပြီး အခုချိန်မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီဖြစ်တယ်လို့ MNDAA က ဒီနေ့မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြလာပါတယ်။
ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှမျိုးဟာ လားရှိုးတိုက်ပွဲအတွင်း မြို့တွင်းစစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး ကင်းလှည့်တာတွေကို တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ဇူလိုင် ၂၀ မှာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးချိန်မှာ လားရှိုးမြို့၊ ရပ်ကွက် (၁) ကျောင်းဘေးမှာ အမြောက်ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ စစ်ဆေးရုံမှာ သွားရောက်ကုသမှုခံခဲ့ရတာ ဖြစ်တယ်လို့ ရုပ်သံမှတ်တမ်းအရ သိရပါတယ်။
အဲ့ဒီနောက် လားရှိုးအရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က သူတို့ရဲ့လက်အောက်ငယ်သားတပ်ဖွဲ့ဝင်တွေကို စွန့်ပယ်ထားခဲ့ပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရုံက အောက်ခြေအရာရှိ၊ စစ်သည်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို MNDAA က ဘေးကင်းရာသို့ရွှေ့ပြောင်းပြီး နောက်တန်းဆေးရုံမှာ ကုသဖို့စီစဥ်ပေးခဲ့တဲ့အထဲ ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှမျိုးဟာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
ကာလအတန်ကြာ ကုသမှုခံယူပြီးတဲ့နောက် ဒု-ခရိုင်ရဲတပ်ဖွဲ့မှူး ဦးလှမျိုးရဲ့ ကျန်းမာရေးအခြေအနေဟာ တဖြည်းဖြည်းကောင်းမွန်လာပြီး ကုသမှုခံယူနေရဆဲဖြစ်တဲ့ တပ်အရာရှိနဲ့ စစ်သည်တွေကိုလည်း လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးကူညီနေတယ်လို့လည်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
လားရှိုးတိုက်ပွဲအတွင်း ဘေးကင်းရာသို့ကယ်ထုတ်ပြီး ထောက်ပံ့ကူညီပေးထားတဲ့အထဲ လားရှိုးစစ်ဆေးရုံက အထူးကုဆရာဝန်တချို့လည်း ပါဝင်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
MK-015










