မဲခေါင်၊ စက်တင်ဘာ ၁၉
အမေရိကန်နိုင်ငံ၊ နယူးအော်လန်းတွင် ၁၂ နှစ်အရွယ် အော်တစ်ဇင်ကလေးငယ်ပျောက်ဆုံးမှု လိုက်ရှာဖွေရာ အိမ်အနီးရေကန်အတွင်း မိချောင်းဆွဲသဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မိခင်ဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေရာတွင် မွေးကင်းစကလေးကိုပါ ကိုကင်းကြွေးထားကြောင်း ပေါ် ပေါက်ခဲ့သည်။
အသက် ၃၄ နှစ်သာရှိသေးသော မိခင် ဟီလ်ဒါဗက်စ်ကွက်ဇ်သည် အရွယ်မရောက်သေးသော သားသမီးကလေးများကို မကြာခဏ ရက်စက်စွာ နှိပ်စက်သူအဖြစ် အရပ်က သိထားပြီး ၂၀၁၄ ခုနှစ်က လည်း အော်တစ်ဇင်သားငယ် ဘရိုင်ယန်ကို ဦးခေါင်းခွံကျိုး၊ ခြေထောက်များကျိုးသည်အထိ နှိပ်စက် ထားသဖြင့် သေရာပါဒဏ်ရာများရခဲ့ပြီး အုပ်ထိန်းခွင့်ရုပ်သိမ်းကာ စောင့်ရှောက်ရေးဌာနက ခေါ်သွားထားခဲ့ရသည်။
ယင်းနောက် ဘရိုင်ယန်မှာ မိခင်အိမ်ပြန်သွားခဲ့သဖြင့် ဆက်လွှတ်ထားပေးရာမှ ဩဂုတ် ၁၄ ရက်၌ နေအိမ်မှ အဖော်မပါဘဲ ထွက်သွားခဲ့ပြီး အိမ်နှင့်မနီးမဝေး ရေကန်အတွင်းမှ ၁၀ ပေရှည်သော မိချောင်း စားခြင်းခံခဲ့ရပြီး ဩဂုတ် ၂၆ ရက်မှ အလောင်းပြန်တွေ့ခဲ့ခြင်းဖြစ်သည်။
အော်တစ်ဇင်သားဖြစ်သူကို လျစ်လျှူပစ်ထားပြီး မိချောင်းကိုက်သေစေခြင်း၊ နှိပ်စက်ခြင်းများနှင့် အမှု လိုက်ရှေ့နေများက မိခင် ဟီလ်ဒါဗက်စ်ကွက်ဇ်ကို ဖမ်းဆီးပြီး ဒုတိယအဆင့် ရက်စက်သူဟု စွဲချက်တင် ထားခြင်းဖြစ်သည်။
လူ့ပတ်ဝန်းကျင်အတွက် အလွန်အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ရမည်ဖြစ်ကာ စက်တင်ဘာ ၁၅ ရက်နေ့က ဟီလ်ဒါကို ဆေးစစ်ရာတွင် ကိုကင်းသုံးထားသည်သာမက မွေးကင်းစ ကလေးတွင်ပါ ကိုကင်းသုံးထားကြောင်းတွေ့ရှိရသဖြင့် တရားမျှတစွာ အမှုစီရင်နိုင်ရန် ကြိုးစားသွား မည်ဟု နယူးအော်လန်းအရှေ့ပိုင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖွင့်ဟသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews








