မိုင်းတုံ ခမရ-၅၁၉ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ညောင်ရွှေတိုက်ပွဲတွင် ဒရုန်းထိပြီး သေဆုံး
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အခြေစိုက် ခမရ-၅၁၉ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသည် ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲတွင် ဒရုန်းထိမှန်သေဆုံးသွားကြောင်း စစ်ကောင်စီတပ်အသိုင်းအဝန်းမှ သိရသည်။
ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ ထီခိုးရွာအနီး ဇန်နဝါရီ ၃၀ ရက်က စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
“ခေါင်းတွေပဲ အကုန်ထိတာ၊ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားသုံးယောက်၊ ကုတင် ၇၀၀ မှာ၊ မိသားစုတော့ သိ၊ မသိ မပြောတတ်ဘူး၊ ဒီနေ့သင်္ဂြိုဟ်တယ်” ဟု စစ်ကောင်စီသတင်းရင်းမြစ်တစ်ဦးက ယမန်နေ့ (ဖေဖော်ဝါရီ ၁) တွင် မဲခေါင်သတင်းဌာနကို ပြောသည်။
သေဆုံးသူ လေးဦးတွင် တပ်ကြပ်တစ်ဦးပါဝင်ပြီး ကျန်သူများမှာ တပ်သားအဆင့်များဖြစ်ကြသည်။ ထိုတိုက်ပွဲအတွင်း ဒဏ်ရာရှိသူ သုံးဦးကိုလည်း အောင်ပန်းစစ်ဆေးရုံ (ကုတင် ၇၀၀) သို့ ပို့ဆောင်ကုသနေသည်ဟု သူက ဆက်ပြောသည်။
သေဆုံးသူများတွင် တပ်ကြပ်အဆင့်ရှိသူသည် စစ်သက် ၂၀ ကျော်၊ တပ်သားနှစ်ဦးသည် စစ်သက် ၅ နှစ်ကျော်နှင့် ကျန်တစ်ဦးသည် အဓမ္မလူသစ်စုဆောင်းခံရသူ တစ်ဦးဖြစ်သည့် စစ်မှုထမ်းသင်တန်းဆင်းများ ဖြစ်ကြသည်ဟု CDM ဗိုလ်ကြီးဇင်ရော်က ရှင်းပြသည်။
တိုက်ပွဲအတွင်း သေဆုံးသူများသည် စကခ-၁၄ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံတပ်ဖြစ်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက် ခမရ-၅၁၉ ၌ တာဝန်ကျသူများ ဖြစ်ကြသည်။
“ဒီမှာတော့ သပိတ်သွပ်တာ မကြားမိဘူး၊ အပေါ်က မပြောလို့ သိချင်မှသိကြမှာ၊ သိရင် ဆွမ်းသွပ်ကြပါပြီ” ဟု ခမရ-၅၁၉ တပ်အနီးရှိ ဝမ်းနားရွာခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။
ယမန်နှစ် ဆီဆိုင်မြို့နှင့် ကရင်နီတိုက်ပွဲတွေအတွင်း စစ်ကောင်စီအရာရှိနှင့် သေဆုံးသူအများအပြားကို နာရေးဆွမ်းသွပ်လုပ်ခဲ့ကြသည်ဟု သူက ဆက်ပြောသည်။
“ဒီကောင်တွေ ဒရုန်းစက်တွေ ဖွင့်လဲ မရပါဘူး။ ခု ခေါင်းတွေချည့် ထိလို့သေကြတာ၊ ဒရုန်းတွေများများသုံးရင် ဒီကောင်တွေ မခံနိုင်ဘူး၊ အဝေးက အမြောက်နဲ့ပစ်တာ၊ လေယာဥ်နဲ့ဗုံးကြဲတာလောက်ပဲ လုပ်နိုင်တော့တာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေစိုက် စကခ-၁၄ နှင့် မိုင်းနောင်အခြေစိုက် စကခ-၂ လက်အောက်ရှိ တပ်ရင်းများသည် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေး၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ် တိုက်ပွဲများတွင် စစ်ကြောင်းထိုးနေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း ကရင်နီ၊ ရှားတောမြို့နယ်သို့ ရိက္ခာလာပို့သည့် ခမရ-၅၁၉ ပူးပေါင်းစစ်ကြောင်းအား ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အရာရှိနှစ်ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ရဖူးသည်။
မဟာ
#MeKongNews
ပုံစာ- ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်းက ရှားတောမြို့နယ်သို့ ရိက္ခာလာပို့သည့် ခမရ-၅၁၉ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် သိမ်းမိသည့် ပစ္စည်းများ
Photo-JFK







