လောက်ကိုင်မှာ အမျိုးသမီးတစ်ဦး အပါအဝင် ခြောက်ဦးကို MNDAA က သေဒဏ်ပေး
မဲခေါင်၊ ဒီဇင်ဘာ ၆
လားရှိုးအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ငါးဦးကို လောက်ကိုင်မှာ မနေ့က(ဒီဇင်ဘာ၅)သေဒဏ်ပေးခဲ့တယ်လို့ ကိုးကန့်သတင်း အေဂျင်စီက ဒီနေ့(ဒီဇင်ဘာ၆)မှာ ထုတ်ပြန်ပါတယ်။
လောက်ကိုင်အပါအဝင် အထူးအုပ်ချုပ်ရေးဒေသ၁မှာ ပြန်ပေးဆွဲ၊ ငွေညှစ်တာနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တယ်လို့ သံသယရှိသူ ၁၄ ဦးကို ဥပဒေနဲ့အညီ ဖမ်းဆီးခဲ့ပြီး စီရင်ချက်ချတဲ့ ညီလာခံကို လောက်ကိုင်မြို့တစ်နေရာမှာ မနေ့က မနက်၈နာရီမှာ ကျင်းပခဲ့ပြီး အဲ့ဒီအထဲက ခြောက်ဦးကို သေဒဏ်ချမှတ်ကာ ချက်ခြင်းကွပ်မျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA ရဲ့ ပြန်ကြားရေးနဲ့နီးစပ်သူတစ်ဦးက “မိန်းခလေးတစ်ဦး၊ ယောက်ျားလေးငါးဦးပါ၊ ပစ်သတ်တာတော့ မှတ်တမ်းတော့ရှိမှာ ထုတ်မပြဘူးဗျ” လို့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။
သေဒဏ်စီရင်ခြင်းခံရတဲ့ အမျိုးသမီးဖြစ်သူ အသက် ၂၆နှစ်ဟာ ယောကျ်ားဖြစ်သူကို သတ်ပစ်ခဲ့လို့ သေဒဏ်ပေးခံရတာလို့ သိရပါတယ်။
အဲ့ဒီခြောက်ဦးကို သေဒဏ်ချမှတ်အပြီး ချက်ချင်းကွပ်မျက်ရေးကွင်းကို ခေါ်ဆောင်ကာ ကွပ်မျက်ခဲ့ပြီး မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ သေနတ်များဝှက်ထားပြီး လုယက်မှု ကျူးလွန်ရန်ကြံစည်တဲ့ သံသယရှိသူတွေကို လမ်းတွေပေါ်မှာ အများပြည်သူကို ပြသခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကိုMNDAA တပ်ဖွဲ့ဝင်တွေ၊ ဒေသန္တရအုပ်ချုပ်မှုအဖွဲ့ကိုယ်စားလှယ်တွေ၊ လူထုကိုယ်စားလှယ်တွေနဲ့ ကျောင်းသားကိုယ်စားလှယ်တွေ အပါအဝင် လူတစ်ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
MNDAA ဟာပြီးခဲ့တဲ့ ဧပြီလ၂၅ရက်ကလည်း လောက်ကိုင်မှာ ပြစ်မှုကျူးလွန်သူ လေးယောက်ကိုလူထုရှေ့မှာ သေဒဏ် ချမှတ်ခဲ့ပါသေးတယ်။
MK-012
#MeKongNews








