တိုက်ပွဲမဖြစ်ပဲ ကုန်းပေါရွာကို စစ်ကောင်စီ လက်နက်ကြီး အတွဲလိုက်ပစ်
ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး
မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းထဲက ကုန်းပေါကျေးရွာဖက်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ အတွဲလိုက်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ အတွဲလိုက်ပစ်တဲ့လက်နက်ကြီးကြောင့် အသက် တစ်လအရွယ်ကလေးငယ်တစ်ဦး၊ အသက် ၂နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူ ခြောက်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တာပါ။
” ရမ်းပစ်ထည့်တာ၊ တချို့လူတွေက ရှောင်မနေကြဘူး၊ စားသောက်နေထိုင်ရတာ အခက်အခဲကြုံရတာတဘက်၊ အိမ်ကိုစိတ်မချတာကဘက်၊ အဲ့ဒါကြောင့် မရှောင်ပဲနေကြတဲ့သူတွေလည်း အများကြီးကျန်သေးတယ်”လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပေမယ့် အရင်နှစ်ရက်လောက်ကစပြီး ဖယ်ခုံ ခမရ (၄၂၁)ကနေ ပြည်သူတွေရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ်ခတ်တာတွေကြောင့်အခုလို သေဆုံးရခြင်းဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပင်လောင်းကနေတဆင့် ဖယ်ခုံ ခမရ (၄၂၁ )နဲ့ မိုးဗြဲ ခမရ (၄၂၂ )တပ်ထဲကို အင်အားတွေဖြည့်နေပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်ရေးတင်းမာနေတာကြောင့် ပြည်သူတွေ စစ်ဘေးရှောင်ကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်တာ ကာလအတွင်း ပင်လောင်း-ဖယ်ခုံ စစ်ကြောင်းထိုးရာနေရာတလျှောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ ပစ်ခတ်တာတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ပြည်သူ ခြောက်ဦးသေဆုံးခဲ့ရတယ်လို့ နိုဝင်ဘာ၁၃ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။
CJ-004
#MekongNews







