လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုဝင်ဘာလအတွင်း နောင်ချိုဒေသခံ ၁၈ ဦး သေဆုံး
မဲခေါင်၊ နိုဝင်ဘာ ၂၆
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေပြီး နိုဝင်ဘာအတွင်း သေဆုံးသူ ဒေသခံ ၁၈ ဦးထိရှိကြောင်း TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၄ ရက် ညပိုင်းကလည်း နောင်ချိုမြို့နယ်၊ အင်းဝိုင်းကျေးရွာပေါ် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံဃာတစ်ပါး ပျံလွန်တော်မူပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
နောင်ချိုမြိုနယ်တွင် နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံ (၁၈) ဦး သေဆုံးပြီး (၃၄) ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ရန် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ လိုအပ်ပြီး လူစုလူဝေး မလုပ်ကြရန်နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ သတိပေးချက်တွေကို လိုက်နာကြဖို့ TNLA က ထုတ်ပြန်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ နောင်ချိုမြို့ကို TNLA နဲ့ မန္တလေး PDF (MDY-PDF) တို့က ဇူလိုင် ၁၀ ရက်မှာ သိမ်းပိုက်ထားတာပါ။
လက်လွတ်လိုက်ရတဲ့ နောင်ချိုမြို့နဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဟာ လေကြောင်းရော၊ မြေပြင်ကပါ ခုခံတိုက်ခိုက်နေသလို လက်နက်ကြီးပစ်ကူတွေနဲ့လည်း တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ လချီကြာနေပါပြီ။
နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ ဒေသပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိတယ်လို့ TNLA က မနေ့ (နိုဝင်ဘာ ၂၅) မှာ ထုတ်ပြန်ထားပါတယ်။
သုံးနှစ်ခွဲကျော် ကာလအတွင်း ရှမ်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် ၁၆၀၀ ကျော်ရှိခဲ့ပါတယ်။ စစ်ကောင်စီတပ် မရှုမလှရှုံးနိမ့်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ၁၄၀၀ ကျော်ရှိခဲ့ပါတယ်။
မြို့နယ်အားဖြင့် ရှမ်းပြည်မှ မြို့နယ် ၂၆ ခုထက်မနည်း လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး စစ်ကိုင်းတိုင်းပြီးလျှင် ဒုတိယအများဆုံးဖြစ်တယ်လို့ ISP-Myanmar က ပြုစုကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#MeKongNews








