တော်လှန်ရေးဘက်က ဒရုန်းစစ်ဆင်ရေး အရှိန်မြှင့်ဖို့ ရန်ပုံငွေလိုအပ်
မဲခေါင်၊ နိုဝင်ဘာ ၂၂
စစ်ကောင်စီက ဒရုန်းစစ်ဆင်ရေး အားကောင်းလာတာနဲ့အမျှ တော်လှန်ရေးဘက်က Anti Jaming စနစ်ပါတဲ့ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ဖို့ ရံပုံငွေ အထူးလိုအပ်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ထောက်ပံ့မှုလည်း အထူးလိုအပ်လာပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေဖက်က Jammer (ဒရုန်းဖျက်ကိရိယာ) မရှိတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက အဆင့်မြင့်ဒရုန်းတွေအသုံးမပြုတော့ဘဲ သာမန်တိုက်ခိုက်ရေး ဒရုန်းတွေကို အရည်အတွက်များများနဲ့ အသုံးပြုလာတာ ဖြစ်ပါတယ်။
“လက်ရှိအခြေအနေမှာကိုက ကျတော်တို့ဘက်မှာ jammer တွေ များများစားစား မသုံးနိုင်တော့ ရန်သူ့ဖက်က သာမန် agriculture drone လောက်ကို များများသုံးရင်ပဲ တိုက်ပွဲရဲ့အခြေအနေကို အပြောင်းအလဲလုပ်နိုင်တဲ့ အနေအထားမျိုးပါ” လို့ကရင်နီပြည် ဝရဇိန်ဒရုန်းတပ်ဖွဲ့တာဝန်ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းတွေကို Jamming မလုပ်နိုင်တဲ့ အခြေအနေတွေမှာ ရန်သူ့ဒရုန်း အမြောက်အများ ဝင်ရောက်လာနိုင်တာ၊ ရန်သူ့ဖက်က Jamming လုပ်ထားတဲ့ အခြေအနေတွေမှာ တော်လှန်ရေး အင်အားစုတွေဖက်က ဒရုန်းနဲ့တိုက်ခိုက်လို့ မရတာတွေကြောင့် တိုက်ပွဲအခြေအနေအထားကို ပြောင်းလဲသွားစေနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းတွေကို Jammer အပြင် လေဆာပါတဲ့ လက်နက်တွေနဲ့လည်းဖျက်ဆီးနိုင်ပေမယ့် တော်လှန်ရေးအင်အားစုတွေဖက်က အသုံးပြုဖို့ဘတ်ဂျက်အခြေအနေအရ ခက်ခဲနေသေးသလို မီတာ ၃၀၀ အထက်မှာ ပျံသန်းနေတဲ့ ဒရုန်းကို လက်နက်ငယ်နဲ့ပစ်ချဖို့လည်း ဖြစ်နိုင်ချေ နည်းတယ်လို့ ဒရုန်းပညာရှင်တွေက ပြောပါတယ်။
ကရင်နီပြည်နဲ့ ရှမ်းတောင်အစပ် တိုက်ပွဲတွေမှာ နည်းပညာချို့ယွင်းမှု၊ ဒရုန်းသက်တမ်းကြာလာတာနဲ့အမျှ မက်ဂနီဆီယမ်ဓါတ် ချို့ယွင်းမှုတွေကြောင့် စစ်ကောင်စီရဲ့ ဒရုန်းတွေကို သိမ်းဆည်းရမိတာမျိုး ရှိခဲ့ပေမယ့် တော်လှန်ရေး အင်အားစုတွေဘက်က Jammer (သို့မဟုတ်) လက်နှက်ငယ်နဲ့ဒရုန်းတွေကိုပစ်ချနိုင်တာမျိုးတော့ မရှိသေးပါဘူး။
“ကျနော်တို့ဘက်က Anti Jaming (ဒရုန်းဖျက်ကာကွယ်ရေးစနစ်)တွေ မပါဘူးဆိုရင်တော့ ရန်သူ့ဘက်ကိုဝင်ဖို့ ခက်ခဲတယ်၊ ရန်သူဖက်က ဒရုန်းတွေ လွတ်လွတ်လပ်လပ်ဝင်လာသလို ကျနော်တို့ဖက်ကလည်း လုပ်လို့ ရနိုင်တဲ့အနေအထားရှိတယ်” လို့ ဝရဇိန်ဒရုန်းတပ်ဖွဲ့တာဝန်ခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော်လှန်ရေး အင်အားစုတွေဘက်က အကွာအဝေးတခုခန့်ခြားကာ နေရာယူတဲ့နည်းလမ်းနဲ့ စစ်ကောင်စီရဲ့ ဒရုန်းတွေကိုရှောင်ရှားနေပြီး နောက်ထပ်နည်းလမ်း တခုအနေနဲ့ Anti Jaming စနစ်ပါတဲ့ ဒရုန်းတွေကိုလည်း တီထွင်မှုအောင်မြင်ပြီးပြီလို့ သိရပါတယ်။
လက်ရှိမှာ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး မိုးဗြဲ၊ နန်းမယ်ခုံ၊ ဒီးမော့ဆိုဒေသတွေကို စစ်ကောင်စီက ဒရုန်းလွှတ်တင်ပြီး စောင့်ကြည့်နေသလိုကရင်နီပြည်၊ လွိုင်ကော်မြို့၊ သစ်တပင်တောင်ကနေ စစ်ကောင်စီက ဒရုန်းအစင်းရေ ရာချီတဲ့ အရည်အတွက်နဲ့ တော်လှန်ရေး အင်အားစုတွေကို မနေ့ (နိုဝင်ဘာ ၂၁)ကစပြီး ကင်းထောက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
MK-14
#MeKongNews







