PNA ကိုထမင်းထုပ်ပို့ပေးရသူ ကလေးတစ်ဦး PNA ထောင်ထားတဲ့မိုင်း နင်းမိပြီး သေဆုံး
မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လန်တောင် ကျေးရွာအုပ်စု၊ ထီဟန်းတားကျေးရွာတောင်ဘက် တောင်ပေါတစ်ကြောမှာ အထိုင်ချထားတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်းထုပ်ပို့ပေးစဉ် PNA ထောင်ထားတဲ့မိုင်းကို ကလေးတစ်ဦးနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
သေဆုံးသူဟာ ထီဟန်းတားကျေးရွာနေ အသက် ၁၄ နှစ်အရွယ် ခွန်ပန်းခိုင်ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ PNA ကို ဆိုင်ကယ်ဖြင့် ထမင်းထုပ်သွားပို့စဉ် စခန်းအနီးရောက်ကာနီးမှာပင် PNA ထောင်ထားတဲ့မိုင်းကိုနင်းမိပြီး ပေါက်ကွဲခဲ့တာလို့ ဒေသခံကပြောပါတယ်။
“အဲဒီ မနက်က အရေးကြီးလို့ဆိုပြီး သူတို့ စောစောလာပို့ခိုင်းတာ၊ ပန်းခိုင်က ရှေ့ဆုံးကဆိုတော့ အရင်ထိတာ၊ ပွဲချင်းပြီးပဲ ဆေးရုံတောင်မရောက်လိုက်ဘူး” လို့ ပုဂ္ဂိုလ်ရေးအရ နီးစပ်သူတစ်ဦးကပြောပါတယ်။
ထီဟန်းတားကျေးရွာတွင်း နေထိုင်သူတွေဟာ နေ့စဉ် PNA တပ်ဖွဲ့ဝင် ၁၀၀ စာအတွက် အိမ်ထောင်စုအလိုက် အလှည့်ကျ နေ့စဉ်ထမင်းထုတ် ပို့ပေးနေရပြီး PNAတပ်စွဲထားတာ တစ်လခန့်ကြာပြီလို့ သိရပါတယ်။
ဒါ့အပြင် တပ်စွဲထားတဲ့ ပတ်ပတ်လည်နေရာတွေမှာလည်း မြေမြုပ်မိုင်းတွေ ထောင်ထားပြီး ရွာခံတွေကို လုံလောက်တဲ့ ပညာပေးမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။
“၂လပိုင်းတုန်းကလည်း ရွာမှာ စစ်မှုထမ်း ခုနှစ်ယောက်ခေါ်တယ်၊ ပိုက်ဆံကတစ်အိမ်ကို ရှစ်သိန်းခွဲထည့်ရတယ်၊ အခုလည်း ပို့ပေးနေရတာ ဟင်းက မကောင်းလို့ မရဘူး” လို့ ထီဟန်းတားရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
အခုနှစ် ဇူလိုင်လ ၆ ရက်တုန်းကလည်း ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာမှာ PNA တပ်ဖွဲ့ဝင် ၁၅၀ စာအတွက် ရွာသားတွေကထမင်းထုပ်ပို့ပေးခဲ့ရာ PNA ဖက်က ဟင်းမကောင်းတာကို အကြောင်းပြပြီး သွန်ပစ်ခဲ့ဖူးပါတယ်။
အလားတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာနေထိုင်သူတွေလည်း အမြှောက်တပ်မှာစစ်သင်တန်း တက်ရောက်နေတဲ့ PNA တပ်ဖွဲ့ဝင်တွေအတွက် မေလကတည်းက နေ့စဉ် ထမင်းထုပ်ပို့ပေးနေရတယ်လို့ သိရပါတယ်။
PNA ဟာ ၎င်းရောက်ရှိနေတဲ့ တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ အိမ်ထောင်စုအလိုက် ထမင်းထုပ် နေ့စဉ်ပို့ပေးကြဖို့ အမိန့်ပေးထားပြီးစစ်အသုံးစရိတ်တွေလည်း မကြာခဏ ကောက်ခံနေပါတယ်။
MK014
#MeKongNews







