မဲခေါင်၊ နို၀င်ဘာ ၁၁
UWSA ထိန်းချုပ်တဲ့ ဟိုပန်မှာ ရပ်ရွာလုံခြုံရေးအရ ပြည်သူ့စစ် ဖွဲ့စည်းဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အုပ်ချုပ်ရေးပိုင်းက ခန့်ထားတဲ့ ဆယ်အိမ်မှူးတွေက တဆင့် အသက် ၁၈ နှစ် ကနေ အသက် ၄၀ နှစ်အထိ အဓိက ခေါ်ယူသွားမှာဖြစ်ကာ တစ်ရွာကို ၁၅ ဦးမှ ၂၅ဦး ထိ ကောက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။
ဟိုပန်နယ်မြေသတင်းအရ ရပ်ရွာနေ လူအနည်းအများအပေါ် မူတည်ပြီး မဲစနစ်နဲ့ကောက်တာလို့ သိရပြီး လက်ရှိတာ၀န်ထမ်းဆောင်နေတဲ့ သူတွေတော့ မပါဘူးလို့သိရပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး ဟိုပန်မှာ ပြည်သူ့စစ်ကောက်တာဟာ ရှေ့တန်းစစ်မြေပြင်တာ၀န်အတွက် မဟုတ်ဘဲ ရပ်ရွာလုံခြုံရေးအတွက်ပဲလား၊ အခြားတောင်ပိုင်းစစ်ဒေသမှာရောကောက်သလားလို့ မဲခေါင်သတင်းဌာနက UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ် မေးမြန်းရာမှာတော့ ၄င်းက”ဒို့၀ပြည်အတွင်းမှာရပ်ရွာ ပြည်သူ့စစ်အနေနဲ့ အလှည့်ကျကောက်နေကျပါ “လိုဖြေကြားပါတယ်။
UWSA က တန့်ယန်း၊ တာပုံ၊ ပန်ရော်၊ မိုင်းကျက်၊ မိုင်းယော်ဘက်မှာ တပ်သားသစ် စုဆောင်းနေတဲ့ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပြီး အဲသလို “မူ”မရှိသလို အဓမ္မစုဆောင်းတာလဲမလုပ်ကြောင်း အဲဒီလိုစုဆောင်းတာရှိရင် ၀ပြည်ပ ဆက်ဆံရေးရုံးတွေမှာ တိုင်ကြားနိုင်ကြောင်း ဦးညီရမ်းက အတည်ပြုပြောကြားပါတယ်။
၄င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း “မိမိတို့ရဲ့ ရပ်ရွာလုံခြုံရေးအတွက်နဲ့ကျေးလက်ဒေသက ကလေးများကို မြို့ကျောင်းသို့ အခမဲ့ခေါ်ဆောင်မှုအစီအစဉ်များကြောင့် ဒေသခံတို့ အခက်တွေ့ ထိတ်လန့်တာမဟုတ်ဘဲ မီတီညာများသာ ဖြစ်လိမ့်မယ်” လို့ အောက်တိုဘာ ၃၁ ရက်က ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး မှာ ညီနောင်မဟာမိတ်တပ်တွေက ဟိုပန်နဲ့ပန်လုံကို လွှဲပြောင်းပေးခဲ့သလို တန့်ယန်းကိုလည်းစစ်ကောင်စီနဲ့ ညှိနှိုင်း၀င်ရောက််ခဲ့ပြီး ဟိုပန်ကို UWSA ရဲ့ အုပ်ချုပ်မှုဖော်ဆောင်ရာ ခရိုင်တစ်ခုအဖြစ် ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်က သတ်မှတ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
MK – 012







