မဲခေါင်၊ စက်တင်ဘာ ၉
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲတာကြောင့် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၉ ရက်၊ မနက် ၁၀နာရီခွဲခန့်မှာ စစ်ကောင်စီက လေယာဥ်နဲ့ လားရှိုးမြို့ လူနေရပ်ကွက်အပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရပ်ကွက် (၁) မှာ ဗုံးနှစ်လုံး ကျရောက်ခဲ့ကာ အနည်းဆုံး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြည်သူ့ဝန်ဆောင်မှုရုံး – One Stop Service က ဝန်ထမ်းတစ်ချို့ပါဝင်တယ်လို့ ပြီး ပြည်သူ့ဝန်ဆောင်မှုရုံးအပြင် ပြည်သူတွေရဲ့နေအိမ် အဆောက်အဦ တချို့ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“ဆေးရုံတော့ လူနာတွေ ရောက်လာတယ်။ အတိအကျကတော့ အုပ်ချုပ်ရေးက ထုတ်ပြန်ပါလိမ့်မယ်”လို့ ကျန်းမာရေးအကူလုပ်သား တစ်ဦးက မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျဆုံးရှုံးမှုနဲ့ သေဆုံးဒဏ်ရာရရှိစာရင်းကို ထပ်မံသိရှိဖို့ မြို့အုပ်ချုပ်ရေးက စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့နေပြည်သူတွေအနေနဲ့ နေအိမ်ကိုပြန်ဖို့ ကြောက်ရွံ့မှုတွေရှိနေသလို နေအိမ်ကိုမပြန်ရင်လည်း နေအိမ်ဖောက်ထွင်းခံရမှာကို စိုးရိမ်နေရတယ်လို့ ရပ်ကွက် ၂နေ ပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်က တောင်ကြီးမှာ မြို့ရွာတွေကိုလိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ် ပြောကြားခဲ့ပြီးနောက် နမ့်ခမ်းနဲ့ဖယ်ခုံစစ်ရှောင်စခန်းတွေကို လေကြောင်းက ညအချိန် ဖျက်အားပြင်း ဗုံးတွေကြဲချလို့ ပြည်သူ ၂၂ဦးသေဆုံးခဲ့ကာ ဒဏ်ရာရ၃၀ကျော်ရှိခဲ့သလို လားရှိုးမြို့ကိုလည်း စက်တင်ဘာ ၈ရက်နဲ့ ၉ရက်တွေမှာ ၂ကြိမ်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲချတာ ဖြစ်ပါတယ်။
MK – 012













