မဲခေါင်၊ သြဂုတ် ၁၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တလေး PDF က မနေ့ (သြဂုတ် ၉) ရက်ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
သပိတ်ကျင်းမြို့နယ်အတွင်းက ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နဲ့ ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအရေအတွက်၊ သေဆုံးတပ်သားဦးရေ၊ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကိုတော့ ထုတ်ပြန်ချက်ထဲမှာ အသေးစိတ်ဖော်ပြထားတာမျိုး မရှိသေးပေမယ့် သေဆုံးတပ်သားအချို့ရဲ့ ဓာတ်ပုံမှတ်တမ်းကိုတော့ ဖော်ပြထားပါတယ်။
အလားတူ မနေ့ည ၅ နာရီဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ်၊ ကျောက်လှည်းဘီးရွာအနီး၊ မန္တလေး-မိုးကုတ် ကားလမ်းပေါ်က ခြေလျင်တပ်ရင်း (ခလရ) ၁၄၈ ကိုလည်း TNLA နဲ့ မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းတွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
ဆက်လက်ပြီး သပိတ်ကျင်းမြို့နယ်အတွင်းက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း မန္တလေး PDF က ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
MK-015










